နောင်မွန်မြို့တွင် ကောင်းမွန်သော အင်တာနက်လိုင်းပေးရန် ဒေသခံများတောင်းဆို

1116

ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ်၊ ပူတာအို ခရိုင်၊ နောင်မွန်မြို့နယ်တွင် ကောင်းမွန်သော အင်တာနက်လိုင်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

နောင်မွန်မြို့ပေါ်တွင် ဖုန်းတာဝါတိုင် တစ်ခုသာရှိပြီး 2G အင်တာနက်လိုင်းသာ ရှိသောကြောင့် ဆက်သွယ်ရေးပိုင်းတွင် အခက်အခဲများစွာရှိသဖြင့် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

အင်တာနက်လိုင်းမကောင်းသည့်အတွက် ပညာရေးပိုင်းတွင်လည်း နောက်ကျလာပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်သော သတင်းအချက်အလက်များကို မရရှိနိုင်သောကြောင့် ကောင်းမွန်သည့် အင်တာနက်ပေးရန် တောင်းဆိုချင်ကြောင်း နောင်မွန်မြို့နယ်ဒေသခံ ကိုဒီးဇီမှ မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ကိုဗစ်ကာလမှာ သတင်းအချက်အလက် ရရှိမှုက အရမ်းအရေးကြီးတယ်၊ ကိုဗစ်ရောက်တာ၊ မရောက်တာ နောက်မှထား၊ ကိုဗစ်ကဘာလဲဆိုတာကို နောင်မွန်မြို့ကလူတွေ မသိကြဘူး။ အလွန်အားနည်းတယ်။ ပြီးတော့ ကိုဗစ်အချိန် တခြားမြို့နယ်က ကလေးတွေက အွန်လိုင်းစနစ်နဲ့ စာတွေသင်နေကြတယ်။ ကျွန်တော်တို့ဘက်မှာ ကလေးတွေက လေလွင့်နေကြတယ်”ဟု ၎င်းက ပြောသည်။

နောင်မွန်မြို့နှင့် ကျေးရွာ(၃)ရွာလောက်တွင်သာ အင်တာနက်လိုင်း အနည်းငယ်ရရှိပြီး ကျန်ကျေးရွာများတွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းမရှိခြင်းကြောင့် မျက်စိပိတ်၊ နားပိတ်ခံရသကဲ့သို့ ဖြစ်နေကြောင်း ခါကာဘိုလူငယ်အဖွဲ့ တာဝန်ခံ ကိုအားဖုန်က ပြောသည်။

“အင်တာနက်လိုင်းက မကောင်းတော့ ဘယ်လိုမှ သုံးလို့မရဘူး။ ဥပမာ Google ဆို ဖွင့်လို့တောင်မရဘူး၊ Facebook ဆိုရင် Newfeed တက်ဖို့ ၄၊ ၅ နာရီလောက် စောင့်ရတယ် ဓာတ်ပုံက ကြည့်လို့မရဘူး။ Messenger ကနေ စာတစ်ကြောင်းပို့ဖို့ ဆိုရင် (၂)နာရီလောက်စောင့်ရတယ်”ဟု ၎င်းက ပြောသည်။

အင်တာနက်လိုင်းကောင်းမွန်စွာ ရရှိရန်အတွက် Khakabo Youth Organization က ဦးဆောင်ပြီး နောင်မွန်မြို့နယ်ရှိ လူငယ်များနှင့် အင်တာနက်ရရှိရန် အွန်လိုင်းကမ်ပိန်းကို ဒီဇင်ဘာလ(၈)ရက်နေ့က လုပ်ဆောင်ခဲ့ပြီး ပြည်သူလူထုများ သတင်းအချက်အလက်ရရှိရေးသည် အစိုးရထံ တာဝန်ရှိကြောင်း ကိုအားဖုန်က ဆက်လက်ပြောသည်။

“အဓိက ပြည်သူလူထုတွေ သတင်းအချက်အလက်ရရှိဖို့ဆိုတာ အင်တာနက်လိုင်းကောင်းဖို့ အရမ်းအရေးကြီးတယ်။ ဒါတွေရရှိဖို့ဆိုရင် မြန်မာနိုင်ငံအစိုးရသော်လည်းကောင်း ကချင်ပြည်နယ် အစိုးရအပေါ်မှာ တာဝန်ရှိတယ်။ ကျွန်တော်တို့ တောင်ပေါ်ဒေသမှာ ရှိတဲ့ လူနည်းစုတွေကို မပစ်ထားပါနဲ့လို့ အစိုးရကို တောင်းဆိုချင်ပါတယ်”ဟု ၎င်းက ပြောသည်။

နောင်မွန်မြို့နယ်တွင် အင်တာနက်နှင့် ဖုန်းလိုင်းရရှိရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝန်ယူကာ တစ်မြို့နယ်လုံးကို လွှမ်းခြုံနိုင်သည့် နေရာကိုရွေးချယ်ကာ ပြီးခဲ့သည့်နှစ်ကတည်းက ဆောင်ရွက်ခဲ့သော်လည်း မြေနေရာအငြင်းပွားမှုများ ဖြစ်ခဲ့သောကြောင့် ခေတ္တရပ်ဆိုင်းထားရာမှ ကြန့်ကြာသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အင်တာနက် ကောင်းမွန်စွာ သုံးနိုင်ရန် ယခင်ကစိုက်ထူထားသော ဖုန်းတာဝါတိုင်ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်နေကြောင်း နောင်မွန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချန်တန်ခင်က ပြောသည်။

“တမင် အမှောင်ချထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အရင်ကတည်းက ဆောင်ရွက်နေတာပါ။ အခုလဲ ဆောင်ရွက်နေဆဲပါ။ မြေနေရာအငြင်းပွားမှုတွေကြောင့် ဒီအတိုင်း ထားလိုက်ရင် မကောင်းဘူး ဆိုပြီးတော့ မူလ CDMA တာဝါတိုင်ကိုပဲ Upgrade လုပ်ပြီးတော့ 2G ပေးထားတာပါ။ ဆက်ပြီးတော့ 3G ၊ 4G အထိ ပေးဖို့အတွက် လုပ်နေပါတယ်”ဟု ၎င်းက ပြောသည်။

နောင်မွန်မြို့နယ် အင်တာနက်လိုင်းရရှိရေးသည် ပြည်နယ်အစိုးရမှ အတည်ပြုပြီးသော လုပ်ငန်းဖြစ်သောကြောင့် အမြန်ဆုံးပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် တာဝန်ယူသည်ဟု ဦးချန်တန်ခင်က ပြောသည်။
နောင်မွန်မြို့နယ်သည် ပူတာအိုခရိုင်တွင် CDMA ဖုန်းဆက်သွယ်ရေးကို ပထမဆုံး ရရှိခဲ့သည့် မြို့နယ် ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် CDMA ဖုန်းလိုင်း ဆက်သွယ်ရေးရရှိခဲ့သည့်မြို့နယ်လည်း ဖြစ်သည်။

ဂျာဒွဲ

LEAVE A REPLY

Please enter your comment!
Please enter your name here