ဖေဖော်ဝါရီ၊၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့ အထက်တန်းကျောင်းရှိ အဌမတန်းတွင် ဖေဖော်ဝါရီလ(၁၄)ရက်နေ့က ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိ၍ ပိုးတွေ့ ကျောင်းသူ/သားများ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
အထက်ပါအတန်းရှိ ကျောင်းသူ/သားများ ချောင်းဆို၊ ဖျားနာနေသောကြောင့် စစ်ဆေးခဲ့ရာမှ ပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ဆေးရုံတက်နေတဲ့သူတွေရှိတယ်။ တချို့ကတော့ ပိုးမတွေ့ဘူးပြောတယ်။ မနေ့ကထိတော့ ဆေးရုံတက်နေတာ (၁၀)ယောက်ကျော်လောက် ရှိတယ်။ ချောင်းဆိုးနေလို့ စစ်ကြည့်ရင်း တွေ့တာ ပြောတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပိုးတွေ့ရှိသည့် အတန်းကိုသာ ပိတ်ထားပြီး ကျန်အတန်းများမှာ ပုံမှန်အတိုင်း စာသင်ကြားလျက်ရှိကြောင်းလည်း ဒေသခံ၏ ပြောကြားချက်အရ သိရသည်။
ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပြောဆိုချက်အရ ဖေဖော်ဝါရီလ (၁၄) ရက်နေ့အထိ တစ်ပြည်နယ်လုံး ပိုးတွေ့ရှိသူ (၃၀၀) ခန့်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။







