ဧပြီ ၃၀
Covid-19 ကာလအတွင်း စစ်ရှောင်များအနေဖြင့် အပြင်သို့ နေ့စားသွားရောက်အလုပ် လုပ်ကိုင်နိုင်ခွင့် မရှိသည့်အတွက် ၎င်းတို့၏ စားဝတ်နေရေးကို စိုးရိမ်နေကြောင်း သိရသည်။
စစ်ရှောင်တချို့ ရောဂါမဖြစ်ပွားခင်က အပြင်ထွက်ပြီး နေ့စားလုပ်ငန်းကို လုပ်ကိုင်နိုင်ခဲ့ကြသော် လည်း အခုအချိန်တွင် Covid-19 ဖြစ်ပွားနေချိန်ဖြစ်သည့် အတွက် စခန်းအပြင်ဖက် သွားလာကာ အလုပ်လုပ်ကိုင်ခွင့်ကို အချိန်ကန့်သတ်၍ ပိတ်ထားကြောင်း ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းက ဒုတိယတာဝန်ခံ ဦးထွယ်အောင်က ပြောသည်။
“ဒီရောဂါကို ကြားလို့ အရမ်း ကြောက်နေကြပါတယ်။ ဒါကြောင့် အပြင်တွေမသွားခိုင်းတော့ဘူး။ နဂိုကတည်းက စစ်ရှောင်ဆိုတော့ ခက်တယ်။ ဘယ်သူမှ စုဆောင်းထားတာ မရှိဘူး။ အရမ်းကြီး တင်းကြပ်လိုက်ပြန်ရင်လည်း တကယ်ပဲပိုဖြစ်လာပြီး ပိုကြောက်စရာကောင်းလာတဲ့အခါ အစိုးရကချမှတ်တဲ့ Lock Down ကို တကယ်လုပ်လိုက်ရင် ကျွန်တော်တို့ ပိုခက်ခဲလာမလားဆိုတာကို စိုးရိမ်တဲ့အတွက် အရမ်းကြီး ပိတ်ပင်တာမျိုးတော့ မလုပ်ပါဘူး”ဟု ဦးထွယ်အောင်က ပြောသည်။
အလုပ်အကိုင် အခက်အခဲများကြောင့် သက်ကြီးရွယ်အိုရှိသည့် မိသားစုနှင့် ကလေးများသည့် မိသားစုများက စားဝတ်နေရေး ခက်ခဲသည့် ဒဏ်ကို အများဆုံးခံစားနေရကြောင်း သိရသည်။
“ဒီမှာက အသက်ကြီးတဲ့သူတွေလည်း အများကြီး ရှိတယ်။ အသက်ကြီးသူတွေက ပိုပြီး စိတ်အားငယ်ကြတယ်။ သူတို့က စုထားတာလည်း ဘာမှမရှိဘူး။ ပြီးတော့ ကလေးတွေ အများကြီး ရှိတဲ့အိမ်တွေ ရှိကြတယ်။ အရင်ကဆို ကလေးတွေကို အိမ်မှာထားခဲ့ပြီး နေ့စားတွေ သွားကြတယ်။ အခုက ရောဂါကြောင့် ဘယ်ကိုမှ မသွားလာရဘူးလို့ ပြောတော့ နေ့စားလည်းသွားလို့မရတော့ဘူး။ နေ့စားမသွားနိုင်တော့တဲ့အတွက် ကလေးတွေလည်း အာဟာရတွေလည်း ချို့တဲ့လာတယ်”ဟု ဒေါ်ခေါင်နော်က ပြောသည်။
စစ်ရှောင်ပြည်သူများက လက်ရှိအချိန်တွင် စားနပ်ရိက္ခာ ရရှိရေးအတွက် ပိုမိုစိုးရိမ်နေသဖြင့် အစိုးရဖက်မှ ထောက်ပံ့ပေးသည့် အခြေခံလူတန်းစားစာရင်းတွင် စစ်ရှောင်များကိုလည်း ထည့်သွင်း စဉ်းစားကာ ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ကြက်သွန် စသည့် ကုန်စည်များကို ထောက်ပံ့ပေးရန် တောင်းဆို နေကြသည်။
“အစိုးရက အခြေခံလူတန်းစားတွေကို ထောက်ပံ့ပေးမယ်ဆိုတာ ကြားတော့ ကျွန်မတို့ စစ်ရှောင်ပြည်သူ တွေကိုလည်း ပေးမှာပဲဆိုပြီး အရမ်းမျှော်လင့်ထားခဲ့တာ ဟုတ်တယ်။ အခု ကျွန်မတို့ ခက်ခဲနေချိန် သူတို့နည်းနည်းလေးဖြစ်ဖြစ် လာကူညီတာ ကျွန်မတို့ အရမ်းဝမ်းသာတယ်။ အခုနောက်ပိုင်းကျတော့ စစ်ရှောင်တွေအတွက်မပါဘူး။ နဂိုကတည်းကတောင် စစ်ရှောင်စခန်းမှာ ခက်နေပါတယ်ဆိုမှ အခုပိုပြီး ခက်ခဲတာကို ခံစားသွားရပါတယ်”ဟု စစ်ရှောင်ပြည်သူ ဒေါ်ခေါင်နောက ပြောသည်။
စစ်ရှောင်စခန်းတချို့ကို ကချင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးက ၁၄ ရက်စာ ဆန်များကို ထောက်ပံ့ပေးထားပြီး ဖြစ်ကြောင်းနှင့် မရရှိသေးသည့် ကျန်စခန်းများကိုလည်း ဆက်လက် ပေးသွားရန် စီစဉ်လျက်ရှိကြောင်း မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။
“စစ်ရှောင်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာလူမှုရေးဝန်ကြီးက သင်္ကြန်မတိုင်ခင်မှာ ၁၄ ရက်စာ ဆန်တွေပေးထားတယ်လို့ သိရတယ်။ များသောအားဖြင့် မရသေးတဲ့ စစ်ရှောင်စခန်းက လူတွေကိုလည်း သက်ဆိုင်ရာ လူမှုရေးဝန်ကြီးက ချပေးသွားဖို့အစီစဉ်ရှိတယ်လို့လည်း သိရတယ်”လို့ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။
စစ်ရှောင်များကို အချိန်ကန့်သတ် သွားလာခွင့်ပေးခဲ့သည်မှာ ယနေ့အထိ တစ်လခန့်ကြာပြီ ဖြစ်ကြောင်း ဂျန်မိုင်ကောင်း စစ်ရှောင်စခန်း ဒုတိယတာဝန်ခံ ဦးထွယ်အောင်ထံက သိရသည်။
မွန်းမွန်းပန်၊ Ann







