ပထမဆုံးအကြိမ်အဖြစ် မြစ်ကြီးနားတက္ကသိုလ်ကျောင်းသူကျောင်းသားများ ရှမ်းရိုးမတောင်တက်

6857
myitkyina university students
Photo - MMU Hiking Cub

မြစ်ကြီးနား၊ သြဂုတ် ၂
မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသူ/သားများသည် မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်နှင့်အတူ ရှမ်းရိုးမတောင်တက်သည့် ခရီးစဉ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်နှင့်အတူ တက္ကသိုလ်ပေါင်းစုံတို့ ပူးပေါင်းပြုလုပ်သည့် ရှမ်းရိုးမတောင်တက်ခရီးစဉ်တွင် မြစ်ကြီးနားတက္ကသိုလ် မေဂျာပေါင်းစုံမှ ကျောင်းသူကျောင်းသားများကလည်း ပါဝင်ကာ တောင်တက်ခဲ့ကြခြင်းဖြစ်ကြောင်း မြစ်ကြီးနားတက္ကသိုလ် တောင်တက်အဖွဲ့ခေါင်းဆောင် အရှေ့တိုင်းပညာဌာနမှ ဒေါက်တာထားထားနွယ် ကပြောသည်။

“ဒီဘက်မှာ မူးယစ်ဆေးဝါးတွေ အရမ်းပေါတယ်။ အဲဒါကြောင့် စိတ်ဓါတ်တွေကြံ့ခိုင်အောင် လုပ်ပေးချင်တယ်။ ကျန်းမာတာနဲ့ စိတ်ဓါတ်တွေကြံ့ခိုင်လာမယ်။ တောင်တက်တာက ကျန်းမာရေးသက်သက်ပဲ။ ဒါပေမယ့် အဲဒီကနေ သူငယ်ချင်းအပေါင်းအသင်းတွေရမယ်။ လုပ်ငန်းခွင်တွေ အတွေ့အကြုံရမယ်။ အဲဒီလိုမျိုးတွေကြောင့် သူတို့တွေကို ဆရာမတို့ ခေါ်သွားတာ”ဟု ဒေါက်တာထားထားနွယ်က ပြောသည်။

၎င်းတို့ တောင်တန်းအဖွဲ့တို့သည် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မှ အမြင့်ပေ ၆၀၃၅ ပေ ရှိသော ဆင်တောင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်ရှိ အမြင့်ပေ ၅၈၃၀ပေ ရှိသည့် မြင်းမထိတောင်တို့ကို ၃ ရက်ကြာ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်၍ မြစ်ကြီးနားမြို့မှ စတင်ထွက်ခွာခဲ့ကာ သြဂုတ်လ ၁ ရက်နေ့တွင် မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားတက္ကသိုလ်၌ မြန်မာနိုင်ငံ ခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်နှင့် ပူးပေါင်းကာ မြစ်ကြီးနားတက္ကသိုလ် တောင်တက်အသင်းကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဒေါက်တာထားထားနွယ်က ထပ်မံပြောဆိုသည်။

“အသင်းကတော့ ဖွဲ့ထားပြီးပြီ။ ဒါပေမယ့် ဆရာမတို့က အသင်းဝင်တွေကိုတော့ သေသေချာချာမစီစစ်ရသေးဘူး”ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းထားသည့် မြစ်ကြီးနားတက္ကသိုလ်တောင်တက်အသင်းအနေဖြင့် ဆက်လက်၍ ပူတာအိုဒေသရှိ ရေခဲတောင်နှင့် မြစ်ကြီးနားမြို့နယ် အောင်မြင်သာကျေးရွာအနီးရှိ အင်ခိုင်ဘွမ်တောင်များသို့လည်း တက်ရောက်သွားရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။
Ah Je/မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here