ပထမဦးဆုံးအကြိမ် ကချင်ပြည်နယ် တက္ကသိုလ်ကျောင်းသားများ နှီးနှောဖလှယ်ပွဲအစီအစဉ် (Kachin State Universities Exchange Program) လျှောက်ထားနိုင်

1012

ဖေဖော်ဝါရီ ၁၀

မြစ်ကြီးနား တက္ကသိုလ် ကျောင်းသားလူငယ်များမှ ဦးဆောင်ပြုလုပ်သည့် ပထမဦးဆုံးအကြိမ် တက္ကသိုလ်ကျောင်းသားများ ဖလှယ်မှုအစီအစဉ်အတွက် စိတ်ပါဝင်စားသည့် ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များမှ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ဖေဖော်ဝါရီ(၁၀)ရက်မှ စတင်စာရင်းပေးသွင်း နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ပထမဦးဆုံး အကြိမ် တက္ကသိုလ် ကျောင်းသားများဖလှယ်မှု အစီအစဉ်ကိုမြစ်ကြီးနား တက္ကသိုလ် အင်္ဂလိပ်စာ လေ့လာမှုကလပ် (Myitkyina University English Study Club) က အဓိက ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး ဧပြီ ၁၉ရက် မှ ၂၄ရက်အထိ (၆)ရက်ကြာ မြစ်ကြီးနားတက္ကသိုလ် ဝင်းအတွင်း အခမဲ့ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များတွင် နေ့သင်တန်း တက်ရောက်နေသည့် မည်သည့်ကျောင်းသားမဆို လျှောက်ထားနိုင်ပြီး ကျောင်းအလိုက် ကျောင်းသားဦးရေ(၅၀)အထိ အချိုးကျ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖလှယ်မှုအစီအစဉ်တွင် ခေါင်းဆောင်မှုပိုင်းဆိုင်ရာနှင့် သက်ဆိုင်သည့် သင်ခန်းစာများကို အဓိကထား ပို့ချသွားမည် ဖြစ်ပြီးစိတ်ခံစားချက် ထိန်းချုပ်မှု၊ စီမံချက် စီမံခန့်ခွဲမှု၊ အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်မှုစသည့် ကိုယ်ပိုင်အရည်အသွေး တိုးတက်မြင့်မားမှုစေမည့် အတွေ့အကြုံများအပြင် ပညာတော်သင်အခွင့်အလမ်းများနှင့် လူငယ်များ၏ အခွင့်အလမ်းပိုင်း ဆိုင်ရာများကိုလည်း ဝေမျှပေးသွားမည် ဖြစ်ကြောင်း Program Coordinator ကိုဟိန်းဇေယျာနိုင်က ပြောသည်။

“ဒီက ကျောင်းသူကျောင်းသားတွေ ဆိုရင် ပညာရေးနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးပိုင်း ဆိုင်ရာတွေ သိပ်မသိကြဘူး။ ဒီ အစီအစဉ်မှာ ဗဟုသုတပိုင်းဆိုင်ရာမျှဝေမှုတွေ၊ ယဉ်ကျေးမှုပိုင်း ဖလှယ်မှုတွေ၊ လေ့လာရေးခရီးတွေ ထွက်ဖို့လည်း စီစဉ်ထားပါတယ်”ဟု ၎င်းက ပြောသည်။

ဖလှယ်မှု အစီအစဉ်ကာလအတွင်း De Dee(Burmese), The door Institute founder ကိုရန်နိုင်ဦး၊ အဓိပတိပညာရေးတည်ထောင်သူ ကိုအောင်မြင်သူတို့မှ လာရောက်ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း လူငယ်ရေးရာကဏ္ဍကို တိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် လူငယ်များအကြား အပြုသဘောဆောင်သော ပြောင်းလဲမှု ပြုလုပ်လိုခြင်းကြောင့် ယခုကဲ့သို့ အစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အစီအစဉ်ဒါရိုက်တာ မဆိုင်းလုလုအောင်က ပြောသည်။

“တက္ကသိုလ် အသီးသီးမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေအနေနဲ့ ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စိတ်ရှိကြမယ်လို့ ယုံကြည်တယ်။ စိတ်အားထက်သန်တဲ့ လူငယ်တွေကို ကွန်ရက်အကြီးကြီး ပြုလုပ်ပေးတဲ့ အစီအစဉ်လေးတစ်ခု ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ယခု အစီအစဉ်ကို ကျောင်းသား လူငယ်များမှ ပထမဦးဆုံးအကြိမ် ဦးဆောင်ကျင်းပခြင်း ဖြစ်ရာ၊အစီအစဉ် ဖြစ်မြောက်ရေးအတွက် ဘဏ္ဍာရေးအခြေအနေ အခက်အခဲများ ရှိနေပြီး၊ ဒေသဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် လူငယ်များကို ပံ့ပိုးပေးရာတွင် ပံ့ပိုးကူညီစေလိုကြောင်း အစီအစဉ်ဘဏ္ဍာရေးတာဝန်ခံ မဂျာနူးအောင်က ပြောသည်။

အစီအစဉ်လျှောက်လွှာကို Kachin State Universties Exchange Program ဖေ့ဘုတ်ပေ့ချ်တွင် တင်ပေးသွားမည်ဖြစ်ပြီး လျှောက်ထားလိုသူများ အနေဖြင့် ကိုယ်ရေးအကျဉ်း၊ အစီအစဉ်သို့ ပါဝင်တက်ရောက်လိုသည့် ရည်ရွယ်ချက် စသည်တို့ဖြင့် ဝင်ရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here