နိုဝင်ဘာ ၂၅
ပန်ဝါမြို့တွင်နေထိုင်သော စစ်ရှောင်ဒုက္ခသည်များသည် စားနပ်ရိကာနှင့် အနွေးထည်များ၊ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။
“ကျွန်မတို့ကို ကူညီတဲ့ အဖွဲ့တော့ ရှိပါတယ်။ ဒါပေမဲ့ လူအများကြီးဆိုတော့ လက်လှမ်းမမီတဲ့ အပိုင်းတွေ ရှိတဲ့ အတွက်ပါ။ ကျောင်းမရှိလို့ သူများအိမ်မှာပဲ ယာယီစာသင်ဆောင်လုပ်ပြီး သင်နေရတယ်။ အရမ်းအေးတဲ့ ဒေသဆိုတော့ အနွေးထည်လိုချင်ပါတယ်”ဟု ပန်ဝါစစ်ရှောင်စခန်းမှ စစ်ရှောင်ဒုက္ခသည် ဒေါ်ယော်လွီက ပြောသည်။

ယခုနှစ်အတွင်း အနွေးထည်လာရောက်ထောက်ပံ့သူများ မရှိသေးသဖြင့် အနွေးထည်များ လိုအပ်ကြောင်းနှင့် ကျောင်းတက်နေသည့် ကလေးများအတွက် ကျောင်းအသုံးအဆောင်ပစ္စည်းများ လိုအပ်နေကြောင်းလည်း သိရသည်။
“ကျောင်းသားကတော့ မူကြိုကျောင်းကနေ ၉ တန်းအထိရှိတယ်။ ၅တန်းကနေ ပန်ဝါကျောင်းမှာပဲ တက်တယ်။ ကျူရှင်ခက တစ်လကို တစ်ဘာသာ ၃၀ ယွမ် (၆၀၀၀)ပေးရတယ်။ ကျူရှင်ကပိုက်ဆံရှိတဲ့ လူပဲ တက်ရတယ်”ဟု ဒေါ်ယော်လွီက ပြောသည်။
ထို့ ဒုက္ခသည်များသည် ၂၀၁၂ ခုနှစ်က တပ်မတော်နှင့် KIA တို့ ပစ်ခတ်မှုကြောင့် ဖရဲကျေးရွာမှ ပြောင်းရွေ့လာကြသူများဖြစ်ပြီး ဒိန်းဖရိန်းလူမှုကူညီမှုအဖွဲ့နှင့် ကချင်အထူးဒေသ(၁) ဖွံ့ဖြိုးအုပ်ချုပ်ရေး ကော်မတီတို့မှ ကူညီနေကြောင်း သိရသည်။
ယင်းအဖွဲ့တို့မှ ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် အခြားပစ္စည်းများကို အလျဉ်းသင့်သလို ထောက်ပံ့ နေကြောင်းနှင့် ဖျားနာလာပါကလည်း ၎င်းတို့ အဖွဲ့တွင်ရှိသည့် ဆေးဝါးများနှင့် ကုသပေးကြောင်းလည်း သိရသည်။
“နှာစေး၊ ချောင်းဆိုးတာကတော့ ဒီမှာ အခမဲ့ကုပေးတယ်။ အရမ်းဖျားရင်တော့ ဒီမှာ ဆေးပစ္စည်း မစုံလို့ တရုတ်ပြည်ကို သွားကုရတယ်။ ဆေးဖိုးဝါးခတော့ တစ်ဝက်လောက်ပေးကုတယ်”ဟု ဒေါ်ယော်လွီက ပြောသည်။
ပန်ဝါဒေသသည် စပါးစိုက်ပျိုးသည့်ဒေသ မဟုတ်သည့်အတွက် ယင်းဒုက္ခသည်များသည် အာလူးနှင့် ပြောင်းခင်းကိုသာ ယာပိုင်ရှင်များထံမှ လက်ဆောင်ပစ္စည်းများပေး၍ ငှားရမ်း စိုက်ပျိုးနေကြကြောင်း သိရသည်။

“ကျွန်တော်တို့က အခင်းလုပ်၊ ဝက်မွေးပြီးနေကြတာပါ။ ရတဲ့ အာလူးနဲ့ပြောင်းကိုတော့ ပန်ဝါမှာပဲ ရောင်းလိုက်တယ်။ ရာသီဥတု ကောင်းရင်ကောင်းသလို ထွက်ပါတယ်။ ဆန် မလောက်တော့ တစ်ခါတလေဆို ပြောင်းဖူးပဲပြုတ်စားနေရတယ်”ဟု ယင်းစစ်ရှောင်စခန်းက ဦးယော်လုပ်က ပြောသည်။
ယင်းဒေသသည် တိုက်ပွဲမဖြစ်ပါက ပျော်စရာကောင်းသည့် ဒေသဖြစ်သော်လည်း တိုက်ပွဲကြောင့် ဒေသခံများနှင့် စစ်ရှောင်ဒုက္ခသည်များသည် ဒုက္ခရောက်နေရကြောင်း ဒုက္ခသည်များက ပြောသည်။
မွန်းမွန်းပန်၊ Ah Je







