ဇွန် ၁၇
ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာအမှတ် (၂၄၅)နှင့်နီးစပ်ခဲ့သည့်အတွက် နေအိမ် Quarantine ထားရှိခံရသူများဖြစ်သည့် စီတာပူစက်မှုရပ်ကွက်က ကားဝပ်ရှော့နှင့် ထမင်းဆိုင်ပိုင်ရှင်မိသားစုများ၏ ဓာတ်ခွဲအဖြေမှာ ပိုးမတွေ့ရှိကြောင်း နယ်မြေမှူး ဦးအားဆီထံမှ သိရသည်။
၎င်းတို့ကို တစ်ပတ်ကျော် နေအိမ် Quarantine ထားရှိပြီးနောက် ဓာတ်ခွဲအဖြေအရ ပိုးမတွေ့ရှိသောကြောင့် ဇွန် (၁၇) ရက် နံနက်က ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
“ကျန်းမာရေး စစ်ဆေးချက်အဖြေက Negative ဖြစ်တယ်ဆိုပြီးမှ ဆိုင်ပြန်ဖွင့်လို့ရပြီဆိုပြီး အထက်က အကြောင်းကြားလာလို့ ပြန်ဖွင့်ခိုင်းတာပါ။ သူတို့က နေအိမ် Quarantine ကို တစ်ပတ်ကျော်လောက် နေခဲ့ရတာပါ”ဟု စီတာပူ စက်မှုရပ်ကွက်နယ်မြေမှူး ဦးအားဆီက ပြောသည်။
Quarantine ထားခံရသည့် မိသားစုများသည် နစ်နာမှုများရှိခဲ့ရသည့် အပြင် ပတ်ဝန်းကျင်၏ သံသယဝင်မှုများလည်း ကြုံခဲ့ရကြောင်း Quarantine ကာလအတွင်း ၎င်းတို့ ခံစားခဲ့ရသည်များကို ဆိုင်ပိုင်ရှင်များက ပြောသည်။
“နည်းနည်းပါးပါး အိမ်ရှေ့ထွက်ထိုင်ရင်တောင် လူတွေက အမျိုးမျိုးအကြည့်တွေနဲ့ ကြည့်ကြတယ်။ ဈေးဝယ်သွားရင်တောင် စက်မှုက လူတွေဆို ဝေးဝေးနေ အဲ့ဒီလိုမျိုး ပြောခံရတာ။ ဒီ့ထက်မက ပြောတဲ့လူတွေလည်း ရှိသေးတယ်။ အမှန်ကတော့ စိုးရိမ်လို့ ကွာရန်တင်းချပေးတာ အဲ့ဒါကို စိုးရိမ်တဲ့မျက်လုံးနဲ့ မကြည့်ဘဲ သံသယမျက်လုံးနဲ့ ကြည့်ကြတယ် အဲ့ဒါကိုတော့ ခံစားရတယ်”လို့ လက်ရာထမင်းဆိုင်ပိုင်ရှင်က သူမ၏ အခက်အခဲကို ပြန်လည်ရှင်းပြသည်။
ကားဝပ်ရှော့သို့ ပိုးတွေ့လူနာကိုယ်တိုင် လာရောက်ခဲ့ခြင်းမရှိသော်လည်း လူနာလိုက်ပါ စီးနင်းခဲ့သည့် ကားကို လာပြင်ခဲ့သည့်အတွက်ကြောင့် နေအိမ် Quarantine ခံရခြင်းသာ ဖြစ်ကြောင်းနှင့် ၎င်းတို့ထံ၌ ပိုးတွေ့ရှိခြင်း မရှိသည့်အတွက် ဆိုင်များကိုလည်း ပြန်လည် ဖွင့်လှစ်နေပြီဖြစ်ကြောင်း မောင်တိုင်းကားဝပ်ရှော့ ပိုင်ရှင်က ပြောသည်။
“အခု ကျန်းမာရေးကတော့ လုံးဝဒီရောဂါမရှိတာကြောင့် Quarantine ဝင်စရာလည်း မလိုတော့ဘူး။ ပိုးမရှိကြောင်း ဒီမနက်က လာပြောတဲ့အတွက် ဒီနေ့ကစပြီး ဆိုင်ပြန်ဖွင့်လိုက်တာပါ”ဟု မောင်တိုင်းကားဝပ်ရှော့ပိုင်ရှင်က ပြောသည်။
ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့် ရရှိပြီဖြစ်သည့်အတွက် ကားဝပ်ရှော့သို့ ကားများကို လာရောက်ပြုပြင်နိုင်ပြီ ဖြစ်ကြောင်းနှင့် အစားအသောက်များကိုလည်း စိတ်ချစွာ ဝယ်ယူစားသောက်နိုင်ပြီ ဖြစ်ကြောင်းလည်း ဆိုင်ပိုင်ရှင်များကပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်းက ပိုးတွေ့လူနာအမှတ်(၂၄၅)သည် မြစ်ကြီးနားမြို့နယ်၊ အင်ဂျစ်ကျေးရွာတွင် လမ်းလုပ်သားအဖြစ် လာရောက်လုပ်ကိုင်ခဲ့ပြီး မေလ (၁၉) ရက်နေ့က ၎င်းလိုက်ပါစီးနင်းခဲ့သည့်ကားကို ပိုင်ရှင်က စီတာပူစက်မှုရပ်ကွက်ရှိ ကားဝပ်ရှော့တွင် ကားပြင်ခဲ့ခြင်းနှင့် ပိုးတွေ့လူနာက ထမင်းဆိုင်တွင် ပါဆယ်စနစ်ဖြင့် ထမင်းဝယ်ယူခဲ့ခြင်းများကြောင့် ဆိုင်ပိုင်ရှင်နှစ်ဦး၏ မိသားစုကို နေအိမ် Quarantine ဝင်စေခဲ့ခြင်း ဖြစ်သည်။
မွန်းမွန်းပန်၊ Ann







