ဖေဖော်ဝါရီ ၇
ကချင်ပြည်နယ် အတွင်းရှိ ပြည်ပခရီးသွားများကို ကန့်သတ်ထားသည့် ခရီးစဉ်ဒေသများမှ ပူတာအိုဒေသ ဖုန်ကန်ရာဇီ၊ ဖန်ကရန်ရာဇီ၊ ဖုန်ရင်ရာဇီစသည့် ရေခဲတောင်ဒေသများကို ဖြေလျော့နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဘဏ္ဍာအခွန်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ပြောသည်။
၂၀၁၆ ခုနှစ်တွင် ပြည်နယ်အတွင်းရှိ အချို့သောခရီးသွားဒေသများကို နယ်မြေလုံခြုံရေးအရ ပြည်ထဲရေးဝန်ကြီးဌာနက ကန့်သတ်လိုက်ချိန်မှစ၍ ပူတာအိုရေခဲတောင် ဒေသအပါအဝင် တချို့ကျေးရွာများသို့ သွားရောက်ခွင့် ပိတ်ပင်ခဲ့သောကြောင့်၊ ယခုကဲ့သို့ ပြန်လည်ကြိုးစားရခြင်း ဖြစ်ကြောင်းဝန်ကြီးမှ ဆိုသည်။
“ဒီကိစ္စက တိုင်းဒေသနဲ့ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်မရှိတော့ ပြည်ထောင်စုနဲ့ ဗဟိုအဆင့်မှာပဲ ဆုံးဖြတ်တဲ့အခါမှာ၊ အဲ့ဒီထဲမှာလည်း ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်လည်း ရှိတော့ ကျွန်တော့အနေနဲ့လည်း တော်တော်ခက်ခဲတယ်”ဟု ၎င်းက ပြောသည်။

ပြည်ပခရီးသွား ကန့်သတ်နေရာများမှ ပူတာအိုမြို့ပေါ်(၁၁)ရပ်ကွက်၊ ကျေးရွာ(၁၃)ရွာ၊ မချန်းဘောမြို့ပေါ်နှင့် လည်ပတ်သင့်သည့် နေရာ(၅)နေရာကို ဖြေလျော့ပေးရန် ပြည်နယ်အစိုးရမှ ၂၀၁၉ ခုနှစ်တွင်တင်ပြခဲ့ရာ ပူတာအိုမြို့နယ်မှ ရွာ(၇)ရွာဖြစ်သည့် ပမ္မတီး၊ နမ်ရှန်ကောင်၊ မုံငိုရ်၊ အထက်ဆန်ခေါင်၊ ဆန်ဒမ်း၊ ဝါဆာဒမ်းနှင့် ဒီယာဒမ်းတို့ကို ကန့်သတ်နယ်မြေအဖြစ်သာ ဆက်လက်ထားရှိပြီး ကျန်ဒေသများကို ဖြေလျော့ပေးခဲ့ကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဋ္ဌာနမှ ပြည်နယ်မှူး ဦးခိုင်ဝင်းထံမှ သိရသည်။

“ဖန်ကရန်၊ ဖုန်ရင်၊ ဖုန်ကန်ဆိုပြီး ဒီ သုံးတောင်ကတော့ အဓိကပေါ့၊ ပြည်တွင်းရော၊ ပြည်ပရော စိတ်ဝင်စားတယ်။ ကန့်သတ်တဲ့ အခါကျတော့ သွားလို့မရတော့ဘူး။ ပြည်တွင်းကတော့ စွန့်စားတာကို စိတ်ဝင်စားတဲ့သူတွေ အခုချိန်ထိလည်း သွားနေတယ်”ဟု ၎င်းကပြောသည်။
ကချင်ပြည်နယ်၏ လက်ရှိခရီးသွားလုပ်ငန်း အခြေအနေသည် ပုံမှန်တိုးတက်လျက်ရှိနေပြီး ၂၀၁၉ နှစ်ကုန်ပိုင်းခန့်တွင် ပူတာအိုဒေသ ပြည်တွင်းခရီးသွားသူ သိန်းချီသည်အထိ များပြားခဲ့ကြောင်း ဦးခိုင်ဝင်းကပြောသည်။
“လက်ရှိအခြေအနေက အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးရမယ့် နေရာမှာ၊ တရွေ့ရွေ့ပဲ တိုးတက်နေတယ်လို့ သုံးသပ်ရပါတယ်။ ထူးခြားတာက ပြည်တွင်းခရီးသွားတွေ ဒီနှစ်မှာ တော်တော်လေးကို ပိုတိုးတက်လာတယ်။ အထူးသဖြင့် ပူတာအိုခရီးစဉ်။ဒေသမှာ ထာဝရနှောင်ကြိုး ရုပ်ရှင်ပြအပြီး ဒီဇင်ဘာလ လောက်မှာဆို ခရီးသွားတွေ ထောင်နဲ့ ချည်ပြီးတော့ရောက်လာတယ်”ဟု ဦးခိုင်ဝင်းမှ ရှင်းပြသည်။
ကချင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာရန်နှင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေမှဟိုတယ်လုပ်ငန်းရှင်များ ကိုယ်တိုင် သိသင့်သိထိုက်သည့် အချက်များကို သိရှိစေရန်အတွက် စီမံ/ဘဏ္ဍာဝန်ကြီးနှင့် ဟိုတယ်လုပ်ငန်းရှင်များ တွေ့ဆုံသည့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်ခဲ့သည်။
Ann







