ဧပြီ၊ ၅
ကချင်ပြည်နယ်၊ ပူတာအိုမြို့နဲ့ ၁၂ မိုင်လောက်အကွာမှာရှိတဲ့ မကပ်မုံကျေးရွာမှာ ရေကာတာလုပ်မယ်ဆိုပြီး ခလရ ၄၆ က ဗျူဟာမှူးနဲ့ အုပ်ချုပ်ရေးမှူးပေါင်းပြီး ရွှေတူးဖော်တာတွေနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေတူးဖော်နေတာကိုရပ်တန့်ပြီး ရေကာတာလုပ်ဖို့ ပြောဆိုတဲ့သူတွေကို အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီတပ်ကိုတိုင်ကြားပြီး ရွာသားတွေကို သေနတ်တွေနဲ့ ချိန်ပြီးတော့ စစ်သားလုပ်ခိုင်းဖို့ ဖမ်းခေါ်သွားမယ်ဆိုတာမျိုးတွေအထိ ပြောဆို ခြိမ်းခြောက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီကောင်တွေ(ရွာသား) ပြောလို့၊ ဆုံးမလို့မရဘူး။ အဲဒါကြောင့်ဒီကောင်တွေကို အားလုံးဖမ်းခေါ်သွားပြီးမှ စစ်သားလုပ်ခိုင်းလိုက်ဆိုပြီးမှ အဲဒီလိုမျိုးတွေပြောပြီး(အုပ်ချုပ်ရေးမှူးမှ ပြောခြင်းကိုဆိုလို) ခြိမ်းခြောက်ပြီးမှ တော်တော်လေးကို ရက်စက်နေတယ်။“လို့ ဆိုပါတယ်။
တခြားကို မပြောဆို မတင်ပြရဲအောင် စစ်တပ်နဲ့ ပူးပေါင်းပြီးမှ ခြိမ်းခြောက်နေတာကြောင့် ဒေသခံပြည်သူတွေဟာ ကြောက်လန့်စိုးရိမ်မှုတွေနဲ့ နေရတာ ၂ လကျော်လောက် ရှိပြီလို့ သိရပါတယ်။
ရွာကိုကာကွယ်ဖို့ မလိခချောင်းမှာ ရေကာတာလုပ်မယ်ဆိုပြီး ဒီနှစ်ဇန်နဝါရီလဆန်းပိုင်းလောက်က စတင်ဝင်ရောက်လာကြတာဖြစ်ပြီး ရေကာတာမလုပ်ဘဲ ရွှေတူးဖော်နေတာကြောင့် ပြန်လည်ကန့်ကွက်နေကြတာ ဖြစ်တယ်လို့ ဒေသခံကဆက်လက် ပြောပါတယ်။
“ရေကာတာလုပ်ဖို့ အစက ကျွန်တော်တို့သဘောတူခဲ့တာ။ ဒါပေမဲ့ သူတို့က အခုချိန်ထိ ရွှေပဲလုပ်နေတာ။ အခုက သူတို့ပြောတာတော့ ဆီအခက်အခဲရှိပြီ၊ ဆီကုန်ပြီ၊ ဆီမရဘူးဆိုပြီးမှ ဒီအတိုင်းပစ်ထားမယ့်ပုံ ရှိတယ်။ ကျွန်တော်တို့ရွာက တကယ်လို့များ ရေကြီးလာပြီဆိုရင် ရေဘေးအန္တရာယ်တော်တော်လေး စိုးရိမ်စရာရှိနေတယ်။“လို့ ဆိုပါတယ်။
ရေကြီးလာရင် ရွာတစ်လျှောက်က ကမ်းပါးတွေ ပြိုတဲ့အတွက် ရေကာတာကို မိုးတွင်းမဝင်မီ အပြီးဆောက်လုပ်ဖို့ လိုအပ်နေပေမဲ့ ရွှေတူးဖော်မှုကိုသာ ပိုမိုလုပ်ဆောင်နေကြတာကြောင့် ခါတိုင်းနှစ်ထက် ကမ်းပါးပြိုတာတွေ ပိုမိုဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရွာလမ်းမကြီးနားရောက်ဖို့ ဧရာဝတီမြစ်ကမ်းရဲ့အကွာက ပေ ၁၀၀ လောက်ပဲရှိတော့တာ ဖြစ်တဲ့အတွက် အမြန်ဆုံးရေကာတာ လုပ်ပေးစေလိုတာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ထပ်မံပြောကြားခဲ့ပါတယ်။
“ရေကာတာလုပ်မယ်ဆိုပြီး ရေကာတာက မလုပ်ဘဲ ရွှေကြီးပဲတူးနေပြီး အခုချိန်ထိ ရေကာတာလုပ်လာတာကမရှိဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အိမ်ခြံဝင်းတွေ၊ စိုက်ပျိုးရေးခြံဝင်းတွေ၊ လယ်ယာမြေတွေအားလုံး တစ်ရွာလုံးကမြေတွေ ပြိုကျပြီး ပျက်စီးသွားနိုင်တဲ့အထိ အန္တရာယ်ရှိတာဟုတ်တယ်။” လို့ လည်း ဒေသခံက ထောက်ပြပြောဆိုပါတယ်။
ရွာအနီး ဘက်ဟိုး ၆ စီးနဲ့ တူးဖော်နေကြတဲ့အပြင် ရွာအောက်ဖက်ပိုင်းလည်း ဘက်ဟိုး ၄ စီးနဲ့ တူးဖော်နေကြတယ်လို့ သိရပြီးတော့ အဲဒီလိုတူးဖော်နိုင်ဖို့ စစ်ကောင်စီတပ်က ကာကွယ်ပေးထားတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သွားရောက်ကန့်ကွက်ရင်လည်း ရေကာတာလုပ်ဖို့ မြေတူးနေတာလို့ပဲ အကြောင်းပြ ပြောဆိုနေတဲ့အတွက် ဒေသခံတွေကိုဂရုမစိုက်ဘဲ လုပ်ချင်သလိုပဲ လုပ်နေကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
အထက်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး မကပ်မုံကျေးရွာအုပ်ချုပ်ရေးမှူးကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းနေပေမဲ့ ဖုန်းလက်ခံဖြေကြားတာတော့ မရှိသေးပါဘူး။
မလိခချောင်းနံဘေးမှာ ရေကာတာလုပ်မယ်ဆိုပြီး ကြောင်းပြကာ ရွှေတူးဖော်မှုပြုလုပ်နေတာကို တားဆီးပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ဆီ ဖေဖော်ဝါရီလက စာတင်ပြထားပေမဲ့ အကြောင်းပြန်စာအခု ထိမရောက်ရှိလာသေးဘူးလို့လည်း သိရပါတယ်။
အဲဒီ မကပ်မုံကျေးရွာဟာ အိမ်ခြေ ၅၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ နီးပါးနေထိုင်ကြတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။