မြစ်ကြီးနား၊ ဇွန် ၁၄

ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ လုံးခင်းကျေးရွာနှင့် မှော်စီဇာကျေးရွာကြားရှိ ဥရုချောင်းကမ်းပါး ကျောက်စီမြေ ထိန်းနံရံပြိုကျခဲ့မှုကို မိုးရာသီကုန်ဆုံးချိန်တွင် ကုမ္ပဏီက ပြန်လည်ပြုပြင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းမြေထိန်းနံရံကို နေထွန်းလင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ တည်ဆောက်ပြီး တစ်လခန့်အကြာတွင် ပြိုကျပျက်စီးခဲ့ခြင်းဖြစ်သည်။

“ဆောက်ထားတာက တစ်လလောက်ပဲ ကြာသေးတယ်။ မိုးလေးနည်းနည်း ရွာတာနဲ့ ပြိုကျတယ်ဆိုတော့ တည်ဆောက်မှု အပိုင်းမှာခိုင်ခန့်မှု မရှိဘူးလို့ ပြောလို့ရတာပေါ့။ သေသေချာချာလေး တော့ ဆောက်ပေးသင့်တယ်”ဟု လုံးခင်းကျေးရွာနေ ကိုကျော်သူရအောင်က ပြောသည်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက အထက်ပါမြေထိန်းနံရံ တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူမှုကို မသိရှိကြောင်း၊ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များကို လာရောက်တိုင်ပင်ခြင်းလည်း မရှိခဲ့ကြောင်း၊ မြေထိန်းနံရံ တည်ဆောက်ရာတွင် လိုအပ်မှုများလည်း ရှိကြောင်း မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“နဂိုအတိုင်း ဖြစ်အောင် အသစ် ပြန်လုပ်ရမှာပေါ့။ အမှန်က ထောင့်လည်း မပါဘူးလေ။ ကားဝင့်ဆွဲသလို မြေကြီးတူးပြီးမှ ကန့်လန့်ခံလုပ်ထားလို့ရှိရင် ဆွဲထားတာလည်း ဟုတ်တယ်။ ထောက်ထားတာလည်းဟုတ်တယ်။ အဲဒီ(မြေထိန်းနံရံတွေ)မှာ ဘာတစ်ခုမှမရှိဘူး”ဟု ဦးတင့်စိုးမှ ပြောသည်။

အရှည် ပေ ၅၀၀ နှင့် အမြင့် ၁၈ ပေ ရှိသော ထိုရေထိန်းနံရံ တည်ဆောက်ခြင်း စီမံကိန်းကို CSR (Corporate Social Responsibility) ရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ဖြင့် ၂၀၁၉ ခုနှစ် အတွင်းတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့က ပြိုကျခဲ့ခြင်းဖြစ်သည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here