ဖားကန့်မြို့တွင်း ကုန်တင်ယာဉ်ငယ်များ ဝင်ခွင့်ပြုပြီ

1060

မေ ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့အတွင်းသို့ ကုန်တင်ယာဉ်ငယ်များ ဝင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ပြောကြားချက်အရ သိရသည်။

ယခင်က ကုန်စည်များကို ကားချင်းပြောင်းခိုင်းပြီးသာ ကုန်တင်ယာဉ်ငယ်များကို ဝင်ခွင့်ပြုခဲ့ရာ မေလ ၂၂ရက်နေ့က ယဉ်ငယ်များကို ကားချင်းပြောင်းရန် မလိုဘဲနှင့် မြို့အတွင်းသို့ ဝင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောသည်။

“မေလ ၁၇ ရက်နေ့ကစပြီး ကားလေးတွေကို မြို့ထဲအဝင်မခံပဲ ကုန်တွေကိုပဲယူဖို့လုပ်ခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီလိုလုပ်တာက ကားသမားတွေအတွက်ရော ပြည်သူလူထုအတွက်ရော အဆင်မပြေဘူးဆိုလို့ ဖြေလျှော့ပေးလိုက်တာပါ။ ခုတော့ ဟိုနေ့ကစပြီး ကားလေးတွေ မြို့ထဲဝင်လို့ရပြီ။ ဒါပေမဲ့ ဒရိုင်ဘာတော့ ချိန်းရမယ်”လို့ ဦးတင့်စိုးက ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်း Covid-19 ကူးစက်မှုမရှိအောင် ဧပြီလ (၁၂)ရက်နေ့မှစတင်ပြီး ဖားကန့်မြို့ လူဝင်၊ထွက်မှုကို စီစစ်ကန့်သတ်ခဲ့ပြီး ထိုသို့ စိစစ်ကန့်သတ်ခဲ့သော်လည်း ကုန်စည်စီးဆင်းမှုအတွက် ကုန်တင်ကားမျိုးစုံကို ဝင်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မေလ ၂၂ ရက်နေ့က ကားလေးများကို ဒရိုင်ဘာပြောင်းပြေးဆွဲခွင့်ပြုခြင်းနှင့်ပတ်သက်ပြီး ရေဦး၊ တန့်ဆည်-ဖားကန့် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက “ဒီလို ဖြေလျှော့ပေးတော့ နည်းနည်းတော့ အသက်ရှုချောင်သွားတာပေါ့။ မဟုတ်ရင် မလွယ်ဘူးဗျ။ တချို့က မကိုက်တော့ မဆွဲတော့ပဲ နားကြမယ်လို့ ပြောနေသူတွေအများကြီးပဲ။ ခုတော့ အရင်က လောက်မဆိုးတော့ဘူး”ဟုဆိုသည်။

ပြည်နယ်တွင်းနှင့် တိုင်းဒေသကြီးအသီးသီးမှ ဖားကန့်မြို့သို့ ဦးတည်ပြေးဆွဲနေသည့် စင်းလုံးငှား ယာဉ်ငယ်အများစုမှာ သတ်မှတ်ထားသည့် ဂိတ်နေရာအတည်တကျမရှိခြင်း၊ ကုန်ပစ္စည်းများကို နေရာအနှံ့ လိုက်လံပို့ဆောင်ဖြန့်ဖြူးခြင်း၊ အတင်အချပြုလုပ်ခြင်းတို့ကြောင့် ထိန်းချုပ်ရန် ခက်ခဲနိုင်ပြီး Covid-19 ကူးစက်လာနိုင်သည့် အခြေအနေများ မြို့နေလူထုမှ စိုးရိမ်သည့်အတွက်ဟုဆိုကာ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှ မေလ ၂၂ ရက်နေ့စွဲဖြင့် ညွှန်ကြားစာတစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ညွှန်ကြားစာတွင် ပြည်နယ်တွင်းနှင့် ပြည်နယ်ပြင်ပမှ ဝင်ရောက်လာသည့် ADVan ကဲ့သို့သော ကုန်တင်ယဉ်ငယ်များကို ဖားကန့်မြို့တွင်းသို့ ဝင်ရောက်ခွင့်မပြုဘဲ ဖားကန့်မြို့အဝင်ဂိတ်၌သာ ကုန်တင်ကုန်ချ ပြုလုပ်စေပြီး လာရောက်ရာလမ်းကြောင်းအတိုင်း ချက်ချင်းပြန်လည်ထွက်ခွာစေရေး သက်ဆိုင်ရာဌာနများက လိုအပ်သလို ဆောင်ရွက်သွားရန် ထုတ်ပြန်ထားသည်။

ဇော်မိုးထက်(ဖားကန့်)

LEAVE A REPLY

Please enter your comment!
Please enter your name here