ဖားကန့်မြို့နယ်တွင် ပြည်တော်ပြန် များအတွက် Facility Quarantine ထားရှိရန် ပြင်ဆင်

802

ဧပြီ-၁၉ ဖားကန့်

တရုတ်နိုင်ငံကနေ ဖားကန့်ကို ပြန်လည်ရောက်ရှိလာမယ့် နိုင်ငံသားတွေကို Facility Quarantine ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးက သိရပါတယ် ။

တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်နေပြီး အကြောင်းအမျိုးမျိုးကြေင့် ဖားကန့်ကို ပြန်လည်ရောက်ရှိလာမယ့် ပြည်သူတွေကို ၎င်းတို့ရဲ့ နေအိမ်‌ေတွဆီ တိုက်ရိုက်မပြန်ခိုင်းပဲ ၂၁ ရက် Facility Quarantine ပြုလုပ်ထားပြီးမှသာ နေအိမ်ကို ပြန်ခွင့်ပြုမယ်လို့ ဖားကန့်မြို့နယ် ထွေအုပ်ရုံးက ဆိုပါတယ် ။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် အတွင်းမှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်အစိုးရက မြန်မာပြည်သို့ ပြန်လည်စေလွှတ်ခဲ့တာဖြစ်ပြီး ၊ မြန်မာနိုင်ငံ ကချင်ပြည်နယ် အစိုးရက တရုတ်မြန်မာနှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်တဲ့ လွယ်ဂျယ်ဂိတ်ကနေ ဧပြီလ ၁၆ ရက်နေ့ကစတင်ပြီး ပြန်လည် လက်ခံပေးနေတာ ဖြစ်ပါတယ် ။

ပြန်လည်ဝင်ရောက်လာမဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ ကချင်ပြည်နယ် အစိုးရရဲ့ ကနဦး ထုတ်ပြန်ချက်တွေအရ ပြန်လည်ဝင်ရောက်လာမယ့် ဦးရေဟာ တစ်သောင်းရှစ်ထောင်ခန့် ရှိတယ် လို့ သိရပါတယ်။

လက်ရှိလူဦးရေကို အတည်ပြု၍မရနိုင်သေးပဲ အပြောင်းအလဲ ရှိနိုင်တယ်လို့လည်း ဆိုပါတယ် ။ ပြန်လည်ဝင်ရောက်လာမည့် လူဦးရေး တစ်သောင်းကျော်ထဲက ဖားကန့်ကို ဝင်ရောက်လာမည့်ဦးရေဟာ ရှစ်ရာကျော် ရှိတယ်လို့ ဖားကန့်မြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူးက ဆိုပါတယ် ။

” လောလောဆယ် ပြန်ရောက်လာမယ့် သူက ရှစ်ရာကျော်လို့တော့ သိရတယ် ။အတည်တော့မဖြစ်သေးဘူး ။ ဖားကန့်ကိုတော့ (၂၄)ဦးတော့ ရောက်နေပြီ ။ သူတို့ကို Facility Quarantine ဝင်ခိုင်းထားတယ် “ လို့ ဖားကန့်မြို့နယ် ဒု -အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ ကျေးရွာပေါင်း (၁၈)ရွာက နေရာပေါင်း (၂၂)နေရာမှာ အဆောက်ဦး (၃ဝ) ကျော်ကို ပြည်တော်ပြန်များအတွက် Facility Quarantine ပြင်ဆင်ထားပြီး ဖြစ်တယ်လို့လည်း ဒု မြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ် ။

တရုတ်နိုင်ငံက ပြန်လည်ရောက်ရှိလာမယ့် ဦးရေဟာ ရှစ်ရာကျော်ဆိုပေမယ့် ပြင်ဆင်ထားတဲ့ အဆောက်ဦး (၃ဝ) ကျော်က အဆောင်တွေမှာ လူတစ်ထောင်ကျော်ကို COMMUNITY BASED Facility Quarantine တစ်ံပြိုင်တည်း ထားရှိနိုင်တယ်လို့ သိရပါတယ် ။

ခုလိုမျိုး ပြည်တော်ပြန်တွေကို မိမိတို့ရဲ့နေအိမ်တွေဆီ တိုက်ရိုက်ပြန်ခွင့် မပြုတာဟာ ကမ္ဘာကူးစက်ရောဂါ ပြန်ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ Facility Quarantine ဆောင်ရွက်ရတာလို့ ဆိုပါတယ် ။

ကိုရိုနာ ဗိုင်းရပ်စ် Covid-19 ရောဂါဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ယခုအခါ ထိုရောဂါပိုးဟာ ကမ္ဘာ့နိုင်ငံပေါင်း များစွာကို ကူးစက်ပျံ့နှံ့နေခဲ့ပြီ ဖြစ်ပါတယ် ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ကမ္ဘာ့ ကပ်ရော Pandamic အဖြစ်ကြေငြာ ထားပြီး ဖြစ်ပါတယ် ။ကမ္ဘာတဝှမ်းလုံး ကူးစက်ခံရသူပေါင်း ဧပြီလ 18 ရက်နေ့အထိ ၂သန်း ၃သိန်းကျော်ရှိပြီး သေဆုံးသူပေါင်း တသိန်းခွဲကျော် ရှိပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဧပြီလ 19 ရက်နေ့အထိ ကူးစက်ခံရသူ (၁ဝ၇)ဦး ၊ သေဆုံးသူ ( ၅)ဦး ၊ ပြန်သက်သာသူ ( ၅)ဦးနဲ့ စောင့်ကြည့်ခံရသူ (၁၈၇၈) ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဇော်မိုးထက် (ဖားကန့် )

LEAVE A REPLY

Please enter your comment!
Please enter your name here