တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားအချို့ မြစ်ကြီးနား ရောက်ပြီ

751

ဧပြီ ၁၆

တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားအချို့ မြစ်ကြီးနား စီတာပူရပ်ကွက်ရှိ ကုန်တင် ကုန်ချစခန်းသို့ရောက်ရှိနေပြီ ဖြစ်ကြောင်း စီတာပူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။

ကချင်ပြည်နယ် နယ်စပ်ဂိတ်မှ ဝင်ရောက်လာရန်ရှိသည့် ပြည်တော်ပြန်များမှ အယောက် (၂၀၀၀)ခန့်က မြစ်ကြီးနား စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန်ချစခန်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး ယနေ့ ဧပြီ ၁၆ ရက်နေ့တွင် ပထမအသုတ် အနေဖြင့် အယောက် (၁၂၆)ခန့် ဝင်ရောက်လာရာ ကုန်တင်ကုန်ချစခန်းသို့ ည ၇ နာရီကျော်က ၁၀ ဦးရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် အယောက် ၁၀၀ ကျော်သည် ယနေ့ ည ၁၁ နာရီအချိန်ခန့်တွင် ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ရောက်ရှိလာမည့် အယောက် (၁၂၆)တွင် မြစ်ကြီးနားမြို့နယ်မှ (၈)ဦး ပါဝင်ကြောင်း သိရသည်။

ပြည်တော်ပြန်များကို လိုအပ်သည့် ကျန်းမာရေး စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ကုန်တင်ကုန်ချစခန်းမှ သက်ဆိုင်ရာ မြို့နယ်အသီးသီးသို့ ထပ်မံ လွှဲပြောင်းကာ (၂၁)ရက် စောင့်ကြည့်မှု ပြုလုပ် သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ကပြောသည်။

” အခုဆေးစစ်ပြီး home quarantine တစ်ခါတည်း လုပ်မယ်။ ကျန်တဲ့မြို့ကလူတွေကိုက အံတော်ရှင်ကျောင်းမှာ တစ်ည တည်းခိုင်းပြီး နောက်မနက်မှ လွှဲသွားမယ်” ဟု ဦးသန်းဝင်း ကပြောသည်။

ဓာတ်ပုံ-Ah Je

အဆိုပါ ပြည်တော်ပြန်များရပ်နားမည့် စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန်ချစခန်းသည် လူနေအိမ်ခြေများနှင့် နီးကပ်လျက် ရှိနေသောကြောင့် စိုးရိမ်လျက်ရှိကြောင်း အနီးအနားတွင် နေထိုင်သည့် ဒေသခံတစ်ဦးဖြစ်သူ ကို ဆွတ်နောင်တူးက ပြောသည်။

“စိုးရိမ်တယ်ဆိုတာက အခုသူတို့ နေရာချမယ့် နေရာက လူနေအိမ်ခြေတွေနဲ့လည်း တအားနီးတယ် စစ်ရှောင်စခန်းနဲ့လည်း နီးတယ် ကပ်ရပ်က ခြံဝန်းဆို မိဘမဲ့ဂေဟာ ဖြစ်တယ် အဲ့ဒီတော့ စိုးရိမ်တာ၊ လူအဝင်အထွက်မရှိတဲ့ တခြားနေရာတွေမှာ လုပ်သင့်တာပေါ့” ဟု ၎င်း ကပြောသည်။

ဓာတ်ပုံ – Ah Je

ကျန်းမာရေးဌာနမှ ညွှန်ကြားချက်များနှင့် အညီ စိစစ်ဆောင်ရွက်မှုများ ပြုလုပ်နေသောကြောင့် စိုးရိမ်ရန်မလိုအပ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း ကပြောသည်။

” စိုးရိမ်နေကြတဲ့ သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ပို ဂရုစိုက်ပါ။ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်ကို လေးစားလိုက်နာရက် ကြောက်စရာ မလိုပါဘူး”ဟု ၎င်း ကပြောသည်။

လက်ရှိချိန်တွင် ကချင်ပြည်နယ် နယ်စပ်ဂိတ်မှ ပြည်တော်ပြန် အယောက် တစ်သောင်းကျော်ဝင်ရောက်လာရန် ရှိပြီး နေ့စဉ် လက်ခံစိစစ်နိုင်မှုအရ လူဦးရေ သတ်မှတ်ကာ လက်ခံလျက်ရှိကြောင်း သိရသည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here