ဧပြီ၊၁၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊မမုံစံပြကျေးရွာမှာ ဒီကနေ့မနက် ၉နာရီခွဲလောက်ကအသတ်ခံထားရတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မမုံစံပြကျေးရွာ၊ ဝက်ဝံပန်းခြံမှာ လည်ပင်းလှီးခံထားရတဲ့အပြင် ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းတွေကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဓားပြတိုက်တာတော့ မဟုတ်ဘူး။ လင်မယားကိစ္စကြောင့် အသတ်ခံရတယ်လို့ အပေါ်ယံသတင်းတော့ ကြားရတယ်။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
အသတ်ခံရတဲ့ အမျိုးသားဟာ ဖားပြင်ကျေးရွာနေ အသက် ၂၄နှစ်အရွယ် ကိုနိုင်နိုင်ဦးဖြစ်ပြီးအမျိုးသမီးကတော့ မမုံကျေးရွာနေအသက် ၂၅ နှစ်အရွယ် မစန္ဒာအောင် ဖြစ်တယ်လို့ သိရပါတယ်။
မမုံစံပြကျေးရွာ ဝက်ဝံပန်းခြံမှာ လည်ပင်းလှီးခံထားရပြီး ဗိုက်မှာ ဓားထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့တယ်လို့လည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီအမျိုးသားနဲ့ အမျိုးသမီးမှာ ပါလာတဲ့ လက်ဝတ်ရတနာတွေ၊ဖုန်းနဲ့ ဆိုင်ကယ်တွေပါသွားတယ်လို့လည်း သိရပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးဟာ ဘာကြောင့် အသတ်ခံရတယ်ဆိုတာကို မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ အသေးစိတ် မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ကလည်း မမုံစံပြကျေးရွာမှာ ရေမဆေးအမျိုးသားတစ်ဦး လည်ပင်းလှီးပြီး အသတ်ခံခဲ့ရပါတယ်။







