ဖေဖော်ဝါရီ၊၄
ဖားကန့်မြို့နယ်၊ ဆိုင်းဖရာကျေးရွာ အနီးတွင် ခွမ်စိုင်ယန် ကျေးရွာဘက်မှ ဖားကန့်သို့ တက်လာသည့် စစ်ကောင်စီလှုပ်ရှားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MHH) ပူးပေါင်းတပ်ရင်းကနေ ယမန်နေ့ ညနေ(၃)နာရီ ဝန်းကျင်၌ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး (၁၅)မိနစ်ခန့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ယင်းနေရာတွင် ယနေ့မနက်(၇)နာရီဝန်းကျင်ခန့်က ပြီး တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“မနေ့က ဖြစ်တာ။ ဒီမနက်(၇)နာရီလောက်ကနေ အခုထိ ပြန်ကြားနေရပြီ။တစ်မိုင်လောက်ဝေးတဲ့ နေရာမှာ ဖြစ်တာ။ အခုအထိလည်း ပစ်နေသေးတယ်။ ဖားကန့်ဘက်တက်လာတဲ့ စစ်ကောင်စီတပ် လှုပ်ရှားတပ်ရင်းတွေနဲ့ ဖြစ်တာ။ ဆိုင်းဖရာနဲ့ တစ်မိုင်လောက်ပဲ ဝေးတယ်”ဟု ဒေသခံက ဆိုသည်။
လက်နက်ကြီး/ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြပြီး တိုက်ပွဲ ပြင်းထန်ခဲ့သောကြောင့် ခွမ်စိုင်ယန်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် ဆိုင်းဖရာကျေးရွာနေ ပြည်သူများလည်း တိမ်းရှောင်ရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ၎င်းက ဆက်လက် ပြောသည်။
“ဆိုင်းဖရာအနီးက ခွမ်စိုင်ကျေးရွာမှာတော့ လက်နက်ကြီး(၂)ခု ကျတယ်။အိမ်တွေ ထိတယ်။ ဆိုင်ူဖရာ ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်ဖို့ အဆင်သင့် လုပ်နေတယ်”လို့ ၎င်းက ပြောသည်။
အထက်ပါတိုက်ပွဲသည် စစ်ကောင်စီတပ်နှင့် KIA တပ်မဟာ(၉)အောက်၊ တပ်ရင်း(၄၄)နှင့် ပြည်သူ့ကာကွယ် ရေးတပ်(MHH)ပူးပေါင်းတပ်ရင်းတို့ ဖြစ်ကြောင်းလည်း သိရသည်။







