မေ၊၂၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ယူမာရပ်ကွက်ဘက်အခြမ်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ယနေ့ နေ့လယ်(၁၁)နာရီခွဲက စောင့်ကြို ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆန်းကြွယ်ရပ်ကွက်နှင့် ယူမာရပ်ကွက်ကြား တံတားငယ်အကူး ယူမာဘက်အခြမ်းနေရာ၌ အင်အား(၁၀၀)ဝန်းကျင်ရှိသည့် စစ်ငငကောင်စီ စစ်ကြောင်းကို KIAမှ စောင့်ကြို တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ဆန်းကြွယ်နဲ့ ယူမာကြားက တံတား အသေးရှိတယ်။ ခုဖြစ်တာက ယူမှာဘက်အခြမ်း ဖြစ်တာ။ စစ်ဆကြာင်းထိုးလာတာနဲ့ ဖြစ်တာနေမှာ။ စစ်ကြောင်းထိုးလာတာ KIAက စောင့်ကြိုပစ်တဲ့ သဘောပေါ့”ဟု ၎င်းက ဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားအင်းအား အလုံးအရင်းက အနီးရှိ ကုမ္ပဏီဝင်းတစ်ခုထဲသို့ ဝင်ရောက်သွားကြောင်းကိုလည်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်သားများက တိုက်ပွဲဖြစ်ပွားပြီးနောက် သေနတ်များ ရမ်းသမ်းပစ်ဖောက်ခဲ့ကြောင်း သိရသည်။
အနီးအနားရှိ ဒေသခံပြည်သူများသည် တိုက်ပွဲ ဖြစ်နေစဉ်က ဘုရားကျောင်းဝင်းသို့ ထွက်ပြေးတိမ်း ရှောင် ခဲ့ရ ကြောင်းကိုလည်း ယင်းရပ်ကွက်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။
ယနေ့မနက် အစောပိုင်းကလည်း ကရင်ချောင်နှင့် ဟင့်တင့်ရွာ တံတားထိပ်တွင် စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းမှ ဆိုင်ကယ်စီးနှင်လာသည့် အရပ်သားတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်လိုက်သောကြောင့် ကျည်ထိမှန် သေဆုံးသွားခဲ့သည်။







