ဖေဖဝါရီလရဲ့ အထင်ကရနေ့စွဲများ

1154

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ကြည့်လိုက်ရင် ဖေဖော်ဝါရီလဟာ အထင်ကရ နေ့စွဲများနဲ့ ပြည့်နေပါတယ်။

သမိုင်းဝင် ပင်လုံညီလာခံအကြို ဆွေးနွေးပွဲကို ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာမှာ ကချင် ကိုယ်စားလှယ်တွေက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

အဲ့ဒီနောက် အနာဂတ်ပြည်ထောင်စု မဖွဲ့စည်းခင် ကြားဖြတ်ကာလမှာ တောင်တန်းနဲ့ပြည်မ ဘယ်လိုပူးပေါင်းကြမလဲ ဆိုတာကို ဆွေးနွေးတိုင်ပင်ဖို့ ရှမ်းစော်ဘွား ကိုယ်စားလှယ်တွေ၊ ရှမ်းလူထုကိုယ်စားလှယ်တွေနဲ့ ကချင်ခေါင်းဆောင်တွေက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့၊ ပင်လုံမြို့မှာ တွေ့ဆုံခဲ့ကြပြီး၊ ဖေဖော်ဝါရီ ၇ ရက်နေ့မှာတော့ ရှမ်းနဲ့ကချင် ကော်မတီက သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ချင်းကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံရှင်းပြပြီး အားလုံးသဘောတူခဲ့ကြတာပါ။

ပင်လုံညီလာခံကို ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ကျင်းပခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းက ရှမ်း၊ ကချင်၊ ချင်းခေါင်းဆောင်တွေရဲ့ သဘောတူညီဆုံးဖြတ်ချက် ၅ ချက်ကို ပြန်လှန်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့နေမှာ သဘောတူခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၄၇ ခုနှစ် ဖေဖဝါရီလ ၁၂ ရက်နေ့မှာ သဘောတူညီချက်ပေါင်း ၉ ချက် နဲ့ အတူ သမိုင်းဝင် ပင်လုံစာချုပ်ကြီးကို သဘောတူ ချုပ်ဆိုခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။

တစ်ပြည်ထောင်လုံးမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့လို့ အဲ့ဒီ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့လို့ သတ်မှတ်ပြီး ဒီနေ့အချိန်ထိ ကျင်းပလာခဲ့တာဟာ ၇၂ ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဦးဘ၊ ဒေါ်စုက မွေးထုတ်ခဲ့ပြီး မွေးချင်းမောင်နှမ ၉ ယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို နတ်မောက်မြို့၊ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့တာကို နိုင်ငံသားအားလုံး မမေ့သင့်ပါဘူး။

ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာပဲ တိုက်ပွဲကြား ပိတ်မိပြည်သူတွေ လွတ်မြောက်ရေးအတွက် ဆန္ဒပြခဲ့ပြီး တပ်မတော်ရဲ့ တရားစွဲဆိုမှုကြောင့် ထောင် ၆လ နဲ့ ငွေဒဏ် ၅ သိန်းကျခံခဲ့ရတဲ့ ကချင်လူငယ်ခေါင်းဆောင် သုံးဦးဖြစ်တဲ့ ဒေါ်နန်ပူ၊ ဦးဇော်ဂျတ်နဲ့ ကိုလွမ်းဇောင်းတို့ကို MUSHE ဆိုတဲ့ ဂုဏ်ပြုဆုကို World Kachin Congress ကဦးဆောင် ချီးမြှင့်ခဲ့ပါတယ်။

နောက်ပြီး ဥရောပသမဂ္ဂက ကျား/မရေးရာနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ၊ ငြိမ်းချမ်းရေးအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်သူ ဦးအောင်ကျော်မိုးနဲ့ လူ့အခွင့်အရေးကို ကာကွယ်ပြောဆိုနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်တို့ကို EU’s 2019 Schuman Awards တွေကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ချီးမြှင့်ပြန်ပါတယ်။

၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ  ကေအိုင်အိုကို ဖွဲ့စည်းပြီး တော်လှန်ရေးကို စတင်ခဲ့ကာ တစ်နှစ်ကျော်အကြာ  ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကေအိုင်အေကို  စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့ကို ကချင်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ဒီနေ့အထိ ကျင်းပနေဆဲပါ။

နောက်ပြီး ရှမ်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျင်းပလာခဲ့တာ ဒီနေ့ ၇၂ ကြိမ်တိုင်ခဲ့ပြီ ဆိုတာ ကိုလည်းမေ့လို့ မရနိုင်ပါဘူး။

ခေတ်သစ်သမိုင်းလို့ ဆိုလို့ရတဲ့ နေ့ကတော၊့ ရှေ့နေ ဦးကိုနီကို ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ သူဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့ ရန်ကုန်နိုင်ငံတကာ လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရပါတယ်။ ဒီလူသတ်မှုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါ သမိုင်းပါ။

ကချင်ပြည်နယ်ရဲ့ ပထမဆုံး လွတ်လပ်တဲ့ မြစ်ကြီးနားသတင်း ဂျာနယ်ကိုလည်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စတင်ရုံးထိုင်ခဲ့တယ်ဆိုတာ တင်ပြရင်း အထင်ကရနေ့စွဲများအဖြစ် ဖေဖော်ဝါရီလကို မှတ်တမ်းတင်လိုက်ရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here