ဗန်းမော်မြို့နယ်၊တာမိုင်းလုံနှင့် နန့်လှိုင် ကျေးရွာက မီတာခမဆောင်သည့် နေအိမ်များအား လျှပ်စစ်ဓာတ်အား ဖြတ်တောက်မည် ဖြစ်ကြောင်း ပြောဆိုပြီး မီတာခပေးဆောင်ကြရန် အသိပေး

568
ဗန်းမော်မြို့

မေ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ တာမိုင်းလုံနှင့် နန့်လှိုင် ကျေးရွာက မီတာခမဆောင်သည့် နေအိမ်များအား လျှပ်စစ်ဓာတ်အား ဖြတ်တောက်မည် ဖြစ်ကြောင်း ပြောဆိုပြီး မီတာခပေးဆောင်ကြရန် အသိပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

မီတာခမဆောင်ခြင်းကြောင့် မီတာရုံးမှ ဝန်ထမ်းများ လာရောက်ပြီး မနေ့က တစ်ရွာလုံးကို လျှပ်စစ်မီးဖြတ်တောက်ခဲ့ကာ ရွာလူကြီးများ သွားရောက်ညှိနှိုင်းသည့်အချိန်မှ မီးပြန်လွှတ်ထားပေးကြောင်း တာမိုင်းလုံကျေးရွာ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

မီတာခမဆောင်တဲ့ အိမ်တွေတော့မဟုတ်ဘူး။ တစ်ရွာလုံးကို ဖျက်ပစ်လိုက်တာ။ ဥက္ကဌက သွားပြောတော့ ရွာလူကြီးတွေက သွားညှိတော့ ပိုက်ဆံသွင်းရင်တော့ မီးပြန်လွတ်ပေးမယ်လို့ အဲဒီလိုတော့ပြောတယ်။ သူတို့က တောင်းပန်ထားတာကြောင့် မီးတော့ ပြန်လွှတ်ပေးတယ်။ အခုလက်ရှိတော့ရတယ် ပိုက်ဆံကောက်ပြီး ပိုက်ဆံသွင်းမှ မီးကရခဲ့တာ။”ဟု ဒေသခံက ဆိုသည်။

မီတာခမဆောင်ပါက မီးဖြတ်တောက်မည်ဆိုသည့် အကြောင်းနှင့် ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုသာ စာနဲ့ အကြောင်းကြားထားပြီး ရွာသားများအား ကြိုတင်အသိပေးခြင်း မရှိခဲ့ကြောင်းလည်း ဒေသခံက ဆိုသည်။

” ရွာထဲမှာတော့ အဲဒီလို မပြောဘူးပေါ့နော်။ ဥက္ကဌဆီတော့ စာပို့ထားတယ်တဲ့ ။ မီတာခမဆောင်ရင် မီးဖြတ်မယ်လို့တော့ ပြောထားတယ်တဲ့။ ဒါပေမဲ့ ရွာကလည်း ကိုယ်ထူကိုယ်ထ မီးကော်မတီတွေဖွဲ့ပြီးမှ တစ်အိမ်တက်ဆင်း လိုက်ကောက်တဲ့ အခါကျတော့ ရုံးမှာဆောင်တာ အဲဒီလို မလုပ်တဲ့အခါကျတော့ ကောက်တဲ့သူလည်း မကောက်ရဲဘူးပေါ့ရှင် ။ မကောက်ရဲတော့ မဆောင်ဖြစ်တော့ မီးကို ဖြတ်ချလိုက်တာ။”ဟု လည်း ဒေသခံက ဆက်လက်ပြောကြားသည်။

ဗန်းမော်မြို့နယ် လျှပ်စစ်အနေဖြင့် မီးဖြတ်တောက်ခြင်း မရှိကြောင်း ငြင်းဆိုထားပြီး မီတာခ အတင်းအကြပ် တောင်းခံခြင်းမျိုး မရှိဘဲ အဆင်ပြေသလို ဆောင်လို့ရနိုင်ကြောင်း ဗန်းမော် EPC မြို့နယ်မှူး ဦးမျိုးမင်းဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“မီးကတော့ ဖြတ်မထားပါဘူး။ မီတာခ မဆောင်တာတော့ ဟုတ်တယ်။ ဒီနေ့မီးပြတ်တာကတော့ လုပ်ငန်းလုပ်နေလို့ပါ။ကျနော်တို့ကလည်း တစ်နှစ်ကျော်ဟာကြီးကို အတင်းအကျပ်တောင်းတာတော့ မရှိပါဘူး ။ အဆင်ပြေသလို ဆောင်လို့ရပါတယ်။”ဟု ဦးမျိုးမင်းဦးက ဆိုသည်။

NLD အစိုးရလက်ထက် ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကိုဗစ်ကာလအတွင်း အိမ်သုံးမီတာခ ယူနစ် ၁၅၀ အောက်ကို ကင်းလွတ်ခွင့်ပေးထားတဲ့ရာမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် လည်း ရပ်ရွာ လျှပ်စစ်မီးကော်မတီကနေ မီတာခကောက်ခံခဲ့ခြင်း မရှိကြောင်း မီတာခမပေးဆောင်သည်မှာ ၁၆ လ( တစ်နှစ်ခွဲနီးပါး လောက်ရှိလာပြီဖြစ်ကြောင်းလည်း ဒေသခံက ဆိုသည်။

“သူတို့တာဝန်ရှိတဲ့သူတွေက မီတာခကိုတော့ သူတို့ကပြောတာတော့ ဘယ်မင်းပဲတက်တက် ဆောင်ရတာတော့ဆောင်ရမှာပါပဲတဲ့။ အခုလည်းဆောင်ရင်တော့မီးရမှာပေါ့ မဆောင်ဘူးဆိုရင်တော့ မဆောင်တဲ့အိမ်တွေကို ချန်ခဲ့မယ်တဲ့ ။ အဲဒီလိုမျိုးတော့ ပြောတယ်ရှင့်။” ဟု ဒေသခံက ပြောသည်။

တာမိုင်းလုံနှင့် နန့်လှိုင်းကျေးရွာနေ ပြည်သူများသည် ရပ်ရွာအတွင်း လျှပ်စစ်မီး ရရှိရေးအတွက် ကိုယ်ထူကိုယ်ထလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here