ဇွန် ၁၄

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပမည့် အာရှအထက်တန်းကျောင်း ပေါင်းစုံ တွေးခေါ်ပြောဆိုမှု စွမ်းရည်ပြိုင်ပွဲ(Debate)တွင် မြစ်ကြီးနားမြို့ IELT ကျောင်းမှ ကျောင်းသား(၆)ဦး သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ကိုးရီးယား၊ အိန္ဒိယ၊ ဂျပန်၊ စင်္ကာပူ၊ သြစတေးလျ နိုင်ငံများမှ အဖွဲ့ပေါင်း ၅၈ ဖွဲ့ လာရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၅)ရက်ကြာ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခံရပြီး နိုင်ငံတကာ ကလေးများ၏ အတွေးအခေါ်များနှင့် ယှဉ်ကာ အတွေ့အကြုံကောင်းများ ရရှိလာစေရန်၊ နိုင်ငံတကာ Debate အဖွဲ့အစည်းများနှင့် အချိတ်အဆက်ကောင်းများ ရရှိနိုင်ရန် အဓိက ရည်ရွယ်၍ သွားရောက် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း IELT (International English Language Training School) ကျောင်းမှ တာဝန်ခံကျောင်းအုပ် ဦးအောင်ငွေစိုးက ပြောသည်။

“ဒီပြည်နယ်ရဲ့ Debate Culture က အရင်က ခေတ်စားတယ်။ အခုလည်း လူငယ်တွေကြားမှာ ခေတ်ပြန်စားလာတော့၊ အဓိက ဆရာတို့ ရည်မှန်းတာက အတွေ့အကြုံယူဖို့ သွားမယ်။ နောက်ထပ်ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့အတွက် သူတို့ဆီက အချက်အလက်တွေ အချိတ်အဆက်တွေ အများကြီးလုပ်ခဲ့မယ်”ဟု ဦးအောင်ငွေစိုးက ပြောသည်။

ပြိုင်ပွဲ အတွေ့အကြုံ နည်းသေးသောကြောင့် အနည်းငယ် စိုးရိမ်မိကြောင်း ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် အဋ္ဌမတန်းကျောင်းသား မောင်ခန့်ကျော်ဇင်ဦးက ပြောသည်။

“မေးခွန်းပိုင်း ဆိုင်ရာ အခက်အခဲလေးတွေ၊ တစ်ဖက်အသင်းက ပြောတာတွေကို နားလည်နိုင်စွမ်းလေးတွေ ပထမဆုံးအကြိမ်ဆိုတော့၊ အတွေ့အကြုံနည်းသေးတော့ နည်းနည်းတော့ စိုးရိမ်မိပါတယ်”ဟု ပြောသည်။

ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်မှုများ ပုံမှန်ပြုလုပ်နေပြီး ပထမဦးဆုံးအကြိမ် နိုင်ငံတကာသို့ သွားရောက် ယှဉ်ပြိုင်ခြင်းဖြစ်သောကြောင့် အစားအသောက်၊ ဘာသာစကား စသည့် အခက်အခဲများ ကြုံတွေ့နိုင်ခြေရှိကြောင်း ဦးအောင်ငွေစိုးက ဆိုသည်။

ကျောင်းအတွင်း ဒီဘိတ်ပြိုင်ပွဲများ၊ ဘာသာစကားစွမ်းရည် ပြိုင်ပွဲများတွင် ဆုရရှိဖူးသော ကျောင်းသားများ၏ လုပ်ဆောင်ချက်ရမှတ်ပေါ် အဓိကမူတည် ရွေးချယ်ခဲ့ပြီး ဇွန်လ ၂၃ ရက်နေ့တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here