“မနှစ်က ၂၀၁၈ တစ်နှစ်လုံး ဒီပိုး မြစ်ကြီးနားမှာ မတွေ့ခဲ့ဘူး။ ဒီနှစ်တွေ့တယ်။ နောက်ပြီး အသေအပျောက်လည်းရှိတယ်။ ဒါ့ကြောင့် သတိထားစောင့်ကြည့်ကြဖို့တော့ လိုတယ်” အထွေထွေကုသမားတော်ဒေါက်တာနေဝင်း 

5138

ယခုလို မိုးတွင်းချိန်ခါမှာ တုပ်ကွေးကြောင့် ဖျားနာသူတွေအလွန်များပြားနေလျက်ရှိနေပါတယ်။ နှစ်စဉ်နှစ်တိုင်း ရာသီချိန်မှာ ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေးနဲ့ အခြားဗိုင်းရပ်(စ်)ကြောင့် ကူးစက်ပျံ့ပွားလာတဲ့ ရာသီတုပ်ကွေး (ခေါ်)  H1N1 ရဲ့ အန္တရာယ်တွေကို ခံစားနေကြရပါတယ်။
ဗိုင်းရပ်(စ်)ကြောင့် ဖြစ်တဲ့  H1N1 ဟာ ယခုအချိန်မှာ တစ်နိုင်ငံလုံးက ခံစားနေကြရပြီး သေဆုံးသူ ဦးရေ ၇၂ ဦးအထိ ရှိနေပါပြီ။ သာမန်တုပ်ကွေးရောဂါနဲ့ တူသယောင်ရှိပြီး ပေါ့ဆစွာနေပါက အသက်အန္တရာယ် အထိ စိုးရိမ်ရတဲ့  H1N1 (ခေါ်) ရာသီတုပ်ကွေးရောဂါ အကြောင်းနဲ့ သတိထားရမယ့် ဆောင်ရန်ရှောင်ရန် အကြောင်းအရာ အပြည့်အစုံကို မြစ်ကြီးနားအထွေထွေရောဂါကု ဆေးရုံကြီး၊ အထွေထွေကု သမားတော် ဒေါက်တာနေဝင်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

ဆရာ ရာသီတုပ်ကွေး H1N1 ဆိုတာဘာလဲ ပြည်သူတွေကို အရင် ရှင်းပြပေးပါလား။
သူက ဗိုင်းရပ်စ်ပိုးပဲ။ အမျိုးက Influenza Virus ဆိုပါတော့။ ဒီမှာ အုပ်စု Influenza A နဲ့ Influenza B ဆိုပြီး ခွဲထားတာ။ အခု ဖြစ်နေတဲ့ H1N1 ဆိုတဲ့အကောင်က အုပ်စု (A) ထဲကပေါ့။ အဲ့ဒီအုပ်စု A ထဲမှာမှ ဗိုင်းရပ်စ်ပိုးက အဆင်ကွဲတွေ အများကြီးရှိတာ။ သူ့အဆင်ကို Hနဲ့ N ဆိုတဲ့ ဗိုင်းရပ်စ်ရဲ့ ကိုယ်ပေါ်က ပစ္စည်းလေးတွေနဲ့ မှတ်သားထားတာ။ အဲ့ဒီ  H က  ( ၁၈ ) မျိုးရှိပြီး N က (၁၁ ) မျိုး ရှိတော့ တုပ်ကွေး ဗိုင်းရပ်စ်ပိုးဆိုတာ အဆင်ကွဲတွေ အများကြီး ရှိနိုင်တာပေါ့။ အဲ့သလို အဆင်ကွဲတွေ အများကြီးထဲကမှ ဒီံ၁ြ၁ ဆိုတာက တစ်ကောင်။ တစ်ခါတစ်ရံမယ် H3N2 လည်း ကြိုကြားတွေ့တတ်သေးတယ်။ သတိထားကြည့်တဲ့ သူတွေ သိပါတယ်။ အခု လူအသေအပျောက်ရှိလာတဲ့ ရာသီတုပ်ကွေး H1N1 ရဲ့ နောက်မယ် pdm09 ဆိုတဲ့ စာလုံးပါတယ်။ ရိုးရိုး H1N1 နဲ့သူက ပုံစံတူပေမယ့် အဆင့်မှာ ယောင်ယောင်လေး ကွဲတယ်။

ဒီ ဗိုင်းရပ်စ်က ဟိုး..ပဝေသဏီ ကမ္ဘာပေါ်မယ်ရှိခဲ့ပြီးသား ံ၁ြ၁ မဟုတ်ဘူး။ ၂၀ဝ၉ – ခုနှစ်မှ စတွေ့တဲ့ အဆင်နဲ့ ဗိုင်းရပ်စ်။ ဒါကြောင့် သူ့နာမည်ကို ဝ၉ ထည့်ထားတာ။ pdm ဆိုတာက အဲ့ဒီ ၂၀ဝ၉ -ခုနှစ်မယ် တစ်ကမ္ဘာလုံးကို ပျံ့တော့မတတ်ဖြစ်လို့ pandemic ဖြစ်နိုင်တဲ့ ပိုးမို့ အဲ့သလို အမည်တွင်တာ။ “ဝက်တုပ်ကွေး”လို့ အဲ့သည်အချိန်က လူသိများခဲ့တယ်။ စတွေ့ခါစမယ် ကမ္ဘာမှာ တစ်ခါမှ မပေါ်ခဲ့ဖူးတဲ့ တုပ်ကွေးဗိုင်းရပ်စ်ဆိုပြီး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ကြတယ်။ အဲ့ဒီ ၂၀ဝ၉ ခုနှစ်ကစပြီး အခုချိန်ထိအောင် ဒီဗိုင်းရပ်(စ်)က “ရာသီချိန်” ရောက်တိုင်း ပြန်ပြန်ပေါ်လာတဲ့ အခါမှာတော့ သူ့ကို “ရိုး”သွားတယ်။ ပြောရရင် ပိုးကလည်း “ယဉ်”လာတဲ့သဘာဝ ရှိပုံရပါတယ်။ ဒီနှစ်မှာလည်း ရာသီချိန်ရောက်လို့ ပြန်ပေါ်လာတဲ့ H1N1 အကောင်ပါပဲ။ သူက pdm09 ပေါ့။

တစ်ခါမှမတွေ့ဘူးပဲ စတွေ့ရင် အဲ့ဒီဗိုင်းရပ်စ်ကို Novel Virus လို့ ခေါ်တာဆိုတော့ ၂၀ဝ၉ ခုနှစ်မယ် သူ့ကို Novel Virus လို့ခေါ်ခဲ့ကြပေမယ့် နှစ်တိုင်းပြန်ပြန်ပေါ်လာနေတော့ သူ့ကို တွေ့နေကျ ဖြစ်သွားတယ်။ အခုတော့ လူထဲတွေ့ရလေ့ရှိတဲ့ ရာသီတုပ်ကွေးပိုး Circulating Virus လို့ပဲ သတ်မှတ်ပါတော့တယ်။ ရောဂါကူးစက်ခံရရင် ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ။ အဓိကကတော့ ဖျားတာပဲ။ ငွေ့ရုံမဟုတ်ဘဲ အတော်ပူအောင်ဖျားတတ်တယ်။ ကျား/မ အရွယ်မရွေး ဖြစ်တယ်။ ဖျားပြီး ကိုက်ခဲတော့တာပဲ။ ခေါင်းကိုက်၊ ကိုယ်လက်ကိုက်ခဲ ဖြစ်တယ်။ ချောင်းဆိုးတတ်သလို ဗိုက်နာ၊ အန်၊ ဝမ်းပျက်တာမျိုးလည်း ဖြစ်တတ်တယ်။ ဒီလို ဖြစ်နေကျ သာမန်တုပ်ကွေးလက္ခဏာပဲ ရှိရင်တော့ ပြင်ပလူနာအနေနဲ့ ကိုယ့်အိမ်မှာကိုယ်နေခိုင်းပြီး ဆေးကုကြပါတယ်။ ပိုးက အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် အဆုပ်ကိုရောက်သွားပြီ ဆိုရင်တော့ ချောင်းဆိုးတာအပြင် မောလာမယ်။ အသက်ရှူတာ မြန်ပြီး ပြင်းပြင်းထန်ထန် အားစိုက်ရှူလာရမယ်။ ဒီလို အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ လက္ခဏာတွေ ပေါ်လာရင်တော့  “ပြင်းထန်တုပ်ကွေးလက္ခဏာ”လို့ သတ်မှတ်ပါတယ်။ တချို့လူနာတွေမယ် သွေးပေါင်ချိန် ရုတ်တရက် ထိုးကျသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါဆိုလည်း ပြင်းထန်တုပ်ကွေး လက္ခဏာပါပဲ။

ဒီရောဂါက ဘယ်အခြေအနေထိ ဖြစ်နိုင်သလဲ။
ဘယ်အခြေအနေထိ ဖြစ်နိုင်သလဲဆိုရင် “အသက်အန္တရာယ် ထိခိုက်တဲ့အထိ” ဖြစ်နိုင်ပါတယ်။ အများစုကတော့ သာမန်လက္ခဏာတွေနဲ့ သွားသွားလာလာ ဖျားနာနေကြတာ များပါတယ်။ အနည်းစုဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ နဲ့ လူမမယ်တွေ၊ ဆီးချိုသွေးတိုးနှလုံး ရောဂါအခံရှိသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အဝလွန်တဲ့သူတွေ။ အဲ့သလို အုပ်စုတွေမှာ ဖြစ်ရင်တော့ ရောဂါလက္ခဏာတွေက ပိုပြီး ပြင်းထန်တတ်ပါတယ်။ စိုးရိမ်ရတဲ့ လူနာအမျိုးအစားလို့ သတ်မှတ်ထားတာပေါ့။ အဲတော့ ကိုယ့်မှာ ရောဂါအခံရှိတဲ့သူတွေနဲ့ သက်ကြီး၊ သက်ငယ် အုပ်စုတွေက ရောဂါအကူးစက်မခံရအောင် ဂရုတစိုက် နေထိုင်ကြဖို့ အရေးကြီးပါတယ်။

ရောဂါဖြစ်လာရင် ဘယ်လိုနေထိုင်ရမလဲ။
အရေးအကြီးဆုံးက “ဖျား”ရင်တော့ “နား”ပဲ။ ဒီရာသီမယ် ဘာ့ကြောင့် ဖျားဖျား ကိုယ့်အိမ်မှာကိုယ် အနားယူစေချင်ပါတယ်။ အနားယူလိုက်ရင် ရောဂါကို ကိုယ့်ဆီကနေ မပျံ့အောင်လည်း ထိန်းသိမ်းရာ ရောက်ပါတယ်။ ဖျားနေရင် လူစုလူဝေးရှိရာကို မသွားစေချင်ပါဘူး။ ဒါဟာ ဖျားနေတဲ့သူတစ်ယောက် စောင့်ထိန်းရမယ့် “ကျင့်ဝတ်”ပါ။ ကိုယ်က ဖျားနေတဲ့အတွက် ဟိုလူ၊ သည်လူတွေ လာတွေ့ကြတာ၊ လူအများက လာပြုစုတာကိုလည်း တတ်နိုင်သမျှ “ငြင်း”ကြစေချင်ပါတယ်။ အတတ်နိုင်ဆုံး လူတွေနဲ့ အထိအတွေ့နည်းလေ အကျိုးရှိလေပါပဲ။ ကျနော်တို့ ဓလေ့က “လွဲ”နေတယ်။ ဖျားလို့ ဆေးရုံတက်ရင် တစ်ဆွေလုံး တစ်မျိုးလုံး လာတွေ့ချင်တယ်။ အင်မတန် အန္တရာယ်များပါတယ်။ လူနာကတော့ ဆေးခန်းပြ။ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးသောက်ပေါ့လေ။ အိပ်ရေးဝ၀အိပ်၊ အာဟာရပြည့်အောင်စား။ ဒါဆို အချိန်တန်တော့ အဖျားကျပြီး ရောဂါပျောက်သွားမှာပါ။ ကိုယ့်ရောဂါ မပျောက်ခင် သူများကို ဖြန့်မထားခဲ့ကြဖို့ပဲ ဂရုစိုက်ပေးကြစေချင်ပါတယ်။

ရောဂါမကူးစက်အောင် ဘယ်လိုနေထိုင်ရမလဲ။
မကူးစက်အောင် နေတတ်ဖို့ဆိုတာက ဒီဗိုင်းရပ်စ်ပိုးရဲ့ ပျံ့နှံ့ပုံကို သိထားမှရမယ်။ ပိုးက ရောဂါရှိတဲ့သူရဲ့ နှာရည်၊ တံတွေးနဲ့ ချောင်းဟန့်လိုက်တဲ့ အမှုန်အမွှားတွေထဲကနေ ထွက်လာတယ်။ လူနာက နှာချေ၊ ချောင်းဆိုး လုပ်တော့ လက်ကလေးနဲ့ ကာပြီးဆိုးတာ များတယ်။ တချို့လည်း ဒီအတိုင်း ဘာမှမကာဘဲ ဆိုးတတ်တဲ့ (သိပ်မယဉ်ကျေးတဲ့) သူတွေလည်း ရှိပါတယ်။ ဒီပိုးက ထွက်လာတော့ ပတ်ဝန်းကျင်ကို ပျံ့တယ်။ အလွန်ဆုံး ခြောက်ပေပတ်လည် ပျံ့နိုင်တယ်။ ဒီတော့ ပိုးဘယ်မှာရှိလဲဆို လူနာနားမှာ ရှိတယ်။ လူနာ့လက်မှာ ရှိတယ်။

ပြဿနာက ဒီလက်ပါပဲ။ လူနာ့လက်နဲ့ အများသုံးနေရာတွေ ကိုင်တွယ်မယ်ဆိုရင် အဲ့ဒီလက်က ဗိုင်းရပ်စ်ပိုးဟာ လူအများ ကိုင်တွယ်သုံးစွဲတဲ့ ပစ္စည်းတွေပေါ်ကို ရောက်လာမယ်။ အဲ့ဒီပစ္စည်းတွေကတစ်ဆင့် ကိုယ့်လက်ကို ပိုးက ကပ်ပါလာမယ်။ ဒီရာသီမှာ အပြင်က ပြန်လာတိုင်း “ကိုယ့်လက်မှာတော့ ပိုးပါလာပြီ…” လို့သာ သဘောထားလိုက်တော့။ အပြင်က ပြန်လာလို့ အိမ်ထဲဝင်လိုက်တာနဲ့ “လက်ဆေး”ဖို့ အရင်လုပ်။ ကျန်တာ နောက်မှ။ တတ်နိုင်သမျှ ကိုယ့်လက်ကို သန့်နေအောင်ထား။ အချိန်ရတိုင်း၊ အခွင့်သင့်တိုင်း လက်ဆေး။ ပြီးရင် ကိုယ့်လက်နဲ့ ကိုယ့်မျက်လုံးကိုယ် ပွတ်တာ၊ ကိုယ့်နှာခေါင်းကိုယ်နှိုက်တာတွေ ရှောင်နိုင်သမျှ ရှောင်။ ဒီရောဂါ မကူးချင်ရင် ရောဂါသည်နား မသွားဖို့နဲ့ တစ်ကိုယ်ရေ လက်ဆေးသန့်ရှင်းရေး လုပ်ဖို့။ ဒီနှစ်ခုသာ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။

ပြီးခဲ့တဲ့ ၂၂-၇-၁၉ နေ့အထိ ကချင်ပြည်နယ်မှာ ရာသီတုပ်ကွေးဖြစ်ပွားသူဦးရေ ၂၁- ဦး ရှိပြီး တစ်ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီရောဂါက ကချင်ပြည်နယ်မှာ စိုးရိမ်ဖွယ်အနေအထား ရှိနေပြီလား။ အဲ့ဒီထုတ်ပြန်ချက်ကို ကြည့်ရင် ဒီနှစ် ဇန်နဝါရီလကနေ ဒီ ( ၂၂-၇- ၁၉) နေ့ထိ…ဆိုတဲ့ ခေါင်းစည်း စာတန်းက အရေးကြီးပါတယ်။ ကျွန်တော်တို့ မြစ်ကြီးနားရဲ့ ထူးခြားချက်က “တုပ်ကွေးစောင့်ကြည့်ဌာန” တစ်ခု ဖြစ်နေတာပဲ။ ဒီမြို့မှာ တုပ်ကွေးဗိုင်းရပ်စ်ပိုးကို နေ့စဉ်အမျှ စောင့်ကြည့်ပေးနေတာ သုံးနှစ်ရှိခဲ့ပါပြီ။ ဒါကို လူတွေသိပ် သတိမထားမိကြဘူး။ ဆိုလိုတာက ကျွန်တော်တို့ မြစ်ကြီးနားက ရောဂါကို နောက်ကလိုက်ရှာနေတာမျိုး မဟုတ်ပါဘူး။ ရှေ့က ကြိုပြီး သိအောင်လုပ်နေတဲ့ ဌာနတစ်ခုပါ။ ဒီနှစ်ဆိုရင် တုပ်ကွေးဖျားတဲ့လူနာတွေကို ဇန်နဝါရီလကတည်းက ပိုးနမူနာယူပြီး စစ်ဆေးလာခဲ့ပါတယ်။ အဲ့သလို လစဉ် စစ်ဆေးချက်တွေအရ ဒီနှစ် ဇွန်လ နောက်ဆုံးပတ်ရောက်တဲ့အထိ H1N1 ခေါ်တဲ့ Influenza A မတွေ့ခဲ့ပါဘူး။ ၆- လ လောက် တွေ့နေတာက Influenza B အုပ်စုက ပိုးပါ။ သူက Influenza A လောက် မဆိုးဘူး ဆိုရမယ်။ တစ်ယောက်စ နှစ်ယောက်စ ဖြစ်ပြီး ပျောက်သွားတာကိုး။ ဇွန်လ နောက်ဆုံးအပတ်ကစပြီး ပို့လိုက်တဲ့ တုပ်ကွေးစစ်ဆေးချက်တွေမှာတော့ H1N1 လို့ခေါ်တဲ့ Influenza A ကို စတွေ့လာရပါတယ်။ ကျွန်တော်တို့က ဒီ တုပ်ကွေးစစ်ဆေးမှုတွေကို ရန်ကုန်အမျိုးသား ကျန်းမာရေးဓါတ်ခွဲဌာနကို ပို့ပြီး စစ်ဆေးအတည်ပြုချက် ယူရတာဖြစ်တဲ့အတွက် တစ်ခါတစ်ရံမယ် တစ်ပတ်လောက် ကြာပြီးမှ တုပ်ကွေးအဖြေကို သိရတဲ့ အခါမျိုးလည်း ရှိပါတယ်။ မြစ်ပြီးနားမှာ H1N1 တုပ်ကွေး တွေ့ပြီဆိုတဲ့ အဖြေကို ၁၁-၇ -၁၉ ညနေခင်းမှာ အတည်ပြုချက် ရပါတယ်။ ကျွန်တော်နဲ့ ဆေးရုံအုပ်ကြီးတို့ တိုင်ပင်ပြီးတော့ လူမှုကွန်ရက်ကနေတစ်ဆင့် ပြည်သူကိုအသိပေးတဲ့ အနေနဲ့ ၁၂-၇-၁၉ နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီနေ့အထိ H1N1 တွေ့တဲ့ လူနာဦးရေဟာ ၁၃ ဦးသာ ရှိပြီး ကျန်တဲ့ တုပ်ကွေးပိုးတွေ့တဲ့ လူနာတွေက နှစ်အစပိုင်းမှာတွေ့ခဲ့တဲ့ influenza B ပိုးကို ဆိုလိုတာဖြစ်ပါတယ်။ သေဆုံးသူတစ်ဦး ရှိခဲ့တာလည်း အမှန်ပါပဲ။ (၁၂-၇-၁၉)နေ့မှာ ဆေးရုံတက်ခဲ့ပြီး (၁၅-၇-၁၉) နေ့မှာ ဆုံးပါးခဲ့ပါတယ်။ ဒီလူနာမှာ H1N1 pdm 09 တွေ့သလို အဆုပ်အအေးမိ ဘက်တီးရီးယားပိုးလည်း တွေ့ရပါတယ်။ နောက်ပြီး ဆီးချိုအခံလည်း ရှိနေခဲ့တာပါ။ ဒီလူနာတစ်ယောက်တော့ ကျနော်တို့ ဆုံးရှုံးခဲ့ရပါတယ်။ ကျန်တဲ့ လူနာတွေကတော့ အပြင်လူနာတွေအဖြစ်နဲ့ ကုပေးခဲ့ပါတယ်။ ကျန်တဲ့သူတွေ အားလုံးကတော့ အခြေအနေ ကောင်းကြပါတယ်။ ကချင်ပြည်နယ်အတွက် စိုးရိမ်ဖွယ်ဖြစ်နေပြီလား ဆိုရင်တော့ မနှစ်က၂၀၁၈ တစ်နှစ်လုံး ဒီပိုးမြစ်ကြီးနားမှာ မတွေ့ခဲ့ဘူး။ ဒီနှစ်တွေ့တယ်။ နောက်ပြီး အသေအပျောက်လည်း ရှိတယ်။ ဒါ့ကြောင့် သတိထားစောင့်ကြည့်ကြဖို့တော့ လိုတယ်လို့ ပြောချင်ပါတယ်။

လတ်တလော ကချင်ပြည်နယ်မှာ ရောဂါဖြစ်ပွားမှုနှုန်း ဘယ်လိုအခြေအနေ ရှိသလဲ။
အခုချိန်ထိတော့ ရာသီတုပ်ကွေးရဲ့ သဘောသဘာဝအတိုင်း ဖြစ်နေတယ်လို့ပဲယူဆပါတယ်။ တုပ်ကွေးပိုးက H1N1 ဖြစ်နေတဲ့အတွက် ကူးစက်ခံရသူအရေအတွက် များတယ်။ ရောဂါ ကူးစက်တာ များတော့ အသေအပျောက်လည်း ရှိလာရတယ်။ ပြည်သူတွေ အထိတ်တလန့် ဖြစ်လောက်အောင် ဆိုးဆိုးဝါးဝါး ဖြစ်မယ့် အရိပ်လက္ခဏာမျိုးတော့လည်း မတွေ့ရသေးဘူးဆိုရမယ်။  တွေ့လာရပြီ ဆိုရင်လည်း ကျွန်တော်တို့ဘက်က အချိန်နဲ့တစ်ပြေးညီ ပြည်သူကို အသိပေးသွားကြဖို့ ပြင်ဆင်ထားပါတယ်။

ဒီရောဂါနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်လူထုကို အကြံပေးပြောကြားပေးပါဦး။
အရေးအကြီးဆုံး ပြောချင်တာကတော့ ဒီရောဂါနဲ့ ပတ်သက်ရင် “ကောလာဟလ”တွေကို မယုံကြပါနဲ့။ ရောဂါအကြောင်းသိချင်ရင် ကျန်းမာရေးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို ကြည့်ကြပါ။ ကိုယ့်ကို ရောဂါမကူးစက်ချင်ရင် ကိုယ်ကိုယ်တိုင်က စပြီး ဆင်ခြင်နေထိုင်ပါ။ အရေးကြီးတာက “လက်ဆေး”ကြဖို့ပါ။ ကျန်းမာရေးဌာနက ညွှန်ကြား အကြံပေးချက်တွေကို သိအောင် လုပ်ပါ။ လိုက်နာကျင့်ကြံကြပါ။ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေက ရာသီမရောက်ခင် ကြိုပြီး တုပ်ကွေးကာကွယ်ဆေး ထိုးထားကြပါ။

ဆရာ့အနေနဲ့ ဖြည့်စွက်ပြောစရာရှိရင် ပြောပေးပါဦး။
အထူးပြောချင်တာကတော့ လူနာရှိတဲ့နေရာ ရှောင်ကြပါ။ ဆေးရုံပေါ် အဖျားလူနာလာမေးတာ၊ မလိုအပ်ဘဲ ဆေးရုံဆေးခန်းတွေကို အဖော်တွေ၊ ကလေးတွေခေါ်လာတာတွေ ရှောင်ကြပါ။ ဖျားတဲ့လူကလည်း ကိုယ့်အဖျားနဲ့ ကိုယ် အိမ်မှာပဲ အနားယူပြီး ဆေးကုသမှု ခံယူကြပါ။ မဖျားသေးတဲ့ သူတွေကလည်း “လက်ဆေး”ပြီး ကိုယ်ခံအားကောင်းအောင် ဂရုစိုက်နေကြပါလို့… မိုးတွင်းလက်ဆောင် ပါးချင်ပါတယ်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here