တုတ်ထိုး အိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၆၊ အမှတ် ၂၅

1233

တုတ်ထိုး – ပြင်ရမယ်၊ ပြင်ကိုပြင်ရမယ်။
အိုးပေါက် – ဘာတွေပြင်ရမယ် ပြောနေတာတုန်း။

တုတ်ထိုး – စိတ်ဓာတ်တွေ ပြင်ရမယ်၊ လုပ်ရပ်တွေ ပြင်ရမယ်၊ ငါ့သားဖို့၊ ငါ့မယားဖို့၊ ငါ့ဆွေမျိုးဖို့၊ ငါ့ဖို့ဆိုတဲ့ စိတ်ဓာတ်တွေ ပြင်ရမယ်။
အိုးပေါက် – ၂၀ဝ၈ ဖွဲ့စည်းပုံကြီးကိုရော။

တုတ်ထိုး – ပြင်ကိုပြင်ရမယ်။ ဖြစ်နိုင်ရင် အဖုံးကစပြီး ပြင်ချင်နေတာ။
အိုးပေါက် – ခင်ဗျားကသာ ပြင်နေတာ တချို့တွေကတော့ပြောနေပြီ။ အခြေခံဥပဒေ ပြင်ဆင်ဖို့ ချောချောမွေ့မွေ့နဲ့ အောင်မြင်နိုင်မယ့် အလားအလာ မရှိပါဘူးတဲ့။

တုတ်ထိုး – ဘယ်သူပြောတာတုန်း။
အိုးပေါက် – ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ဒီတစ်ပတ် ပြီးခဲ့တဲ့ The Voice Weekly မှာ ပြောထားတာဗျ။

တုတ်ထိုး – ဘာပြောတာတုန်း။
အိုးပေါက် – မူလရည်ရွယ်ချက်က ဘာလဲ။ မူလရည်ရွယ်ချက်က သူတို့က ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ကတိပေးထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးစားလုပ်တယ်ဆိုတဲ့ ကတိကဝတ်ကို ပြည်သူလူထုသိဖို့နဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်ပြီးတော့ မဲရဖို့အတွက် ရည်ရွယ်ချက်ကိုပဲ ဆိုရင်တော့ အောင်မြင်မှာပဲလေ။ ဥပမာ ဖက်ဒရယ်ဒီမိုကရေစီဖြစ်ရေး ကိစ္စအတွက် ပြင်ဆင်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး ရှိတယ်ဆိုရင်တော့ အားလုံးသိကြတဲ့အတိုင်း ၇၅ ရာခိုင်နှုန်းမဲရမှာ ဖြစ်တယ် ဆိုတဲ့အတွက်ကြောင့် တပ်မတော်နဲ့ ညှိနှိုင်းနားလည်မှု ရှိရမှာလေ။ ဆိုတော့ အဲ့ဒီ ရည်ရွယ်ချက်အတိုင်း လုပ်တာဆိုရင်တော့ သူတို့စလုပ်ကတည်းက မှားနေတာလေတဲ့။ ပြီးတော့ NLD သွားနေတဲ့ပုံစံက အဆင်မပြေတဲ့ ချည်းကပ်မှုမျိုး ဖြစ်နေတာပေါ့တဲ့။ ချည်းကပ်မှု လွဲနေတာပေါ့တဲ့ဗျ။

တုတ်ထိုး – ဘယ်လို ချည်းကပ်မှုမျိုးပါလိမ့်။
အိုးပေါက် – တပ်နဲ့ နားလည်မှု ယူဖို့ပေါ့ဗျာ။

တုတ်ထိုး – တပ်နဲ့ NLD ပါတီ၊ နိုင်ငံရေးပါတီတွေ ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ဖို့အတွက် တပ်နဲ့ညှိနှိုင်းဖို့ လိုတဲ့သဘောပေါ့ဟုတ်လား။
အိုးပေါက် – ဒါပေါ့ဗျာ။ ပြည်သူလူထုကတော့ ပြင်ဖို့ ဆန္ဒရှိတယ်ဆိုတာ ခင်ဗျားလည်း မျက်မြင်ပါပဲ။ ဒီတော့ ပြည်သူ့ဆန္ဒကို လိုက်လျောကြရမယ် မဟုတ်လား။

တုတ်ထိုး – ဒါနဲ့ ခင်ဗျားကရော ဘာလို့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့် ပြင်ချင်ရတာတုန်း။
အိုးပေါက် – အဟဲ ကျုပ်လည်း သူလိုကိုယ်လိုပါပဲ။ ဘာမှမသိပါဘူး။ ဒါပေမဲ့ ဒီလူတွေအသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်မယ့်ပုံ ပေါက်ကတည်းက အယုံအကြည်မရှိလို့ ပြင်ချင်နေတာ။ ဟဲ ဟဲ ဟဲ။

တုတ်ထိုး – မှတ်တောင်ထားရဦးမယ်။
အိုးပေါက် – ၂၀ဝ၈ ဖွဲ့စည်းပုံမှာ ပုဒ်မ ဘယ်လောက်ပါလို့ ပါမှန်းတောင် မသိပါဘူး။

တုတ်ထိုး – ပြည်သူလူထု အများစုကလည်း မသိကြပါဘူး။
အိုးပေါက် – ဒါတောင်ပြည်သူလူထု ထောက်ခံမှုအပြည့်နဲ့ဆိုတော့ Ha Ha ပဲ ရမယ်။

တုတ်ထိုး – မသိရင်မှတ်ထား။ ၂၀ဝ၈ ဖွဲ့စည်းပုံမှာ ပုဒ်မ ပေါင်း(၄၅၇) ခုရှိတယ်။ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အကြံပြုချက်တွေ ပေးပို့ကြတဲ့ ပါတီအရေအတွက် ၁၃ ခုနဲ့ တစ်သီးပုဂ္ဂလတွေ ပါဝင်ကြသတဲ့ဗျ။ ပြင်ဆင်ဖို့။ ဖြည့်စွက်ဖို့၊ အသစ်ထည့်ဖို့ စသဖြင့် ပြည်ထောင်စုလွှတ်တော် တင်ပြတဲ့အခါ အခန်း(၁) ပြင်ဆင်ချက်တွေကို တွက်ချက်ရာမှာ ၃၇၆၅ ချက်ရှိသတဲ့။ အဲ့ဒီမြှာီူ ပါတီအကြံပြုချက် ၁၁၄ ချက်ရှိပြီး ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ အကြံပြုချက်(၁၀)ချက် ရှိတယ်လို့ သတင်းတွေ ဖတ်ရတယ်။
အိုးပေါက် – မြို့ကြီးပြကြီးတွေမှာတော့ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲ၊ ကန့်ကွက်ပွဲတွေ အပြိုင်အဆိုင်လုပ်ကြတယ်။

တုတ်ထိုး – နိုင်ငံရေးမုန်တိုင်းတွေကတော့ လာဦးမှာပဲ။
အိုးပေါက် – ဗျာ။

တုတ်ထိုး – လွှတ်တော်အတွင်းမှာ ပဠိပက္ခတွေ ကြီးလာဦးမှာလို့ ပြောတာဗျ။
အိုးပေါက် – လွှတ်တော်အတွင်းမှာ ပဠိပက္ခတွေဖြစ်တော့ ကောင်းတာပေါ့။ ငြင်းကြ၊ ခုန်ကြ၊ ဆွေးနွေးကြတော့ လွှတ်တော်ကြီးမှာ အိပ်ငိုက်သူတွေ မရှိတော့ဘူးပေါ့ဗျာ။

တုတ်ထိုး – အခုတော့ လွှတ်တော်အမတ်တွေ အိပ်မငိုက်လောက်တော့ပါဘူး။
အိုးပေါက် – လွှတ်တော်အမတ်တွေ ဗုံးထောင်မှာ စိုးတာနဲ့သတိနဲ့ နေကြတော့မှာလေ။

တုတ်ထိုး – နိုင်ငံရေးအောက်လုံးတွေဟာ သိပ်ကြောက်စရာကောင်းတယ်နော်။
အိုးပေါက် – နိုင်ငံရေးကတော့ သန့်ရှင်းပါတယ်။ နိုင်ငံရေးလုပ်တဲ့ သူတွေက မသန့်ရှင်းတာပါ။

တုတ်ထိုး – ကဲပါဗျာ။ အဲ့ဒါတွေ အသာထားပါဦး။ ပုဂံက ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်သွားတာတစ်ခုကတော့ ဂုဏ်ယူစရာ ကောင်းပါတယ်။
အိုးပေါက် – ဒါပေါ့ဗျာ။ ကမ္ဘာလှည့်ခရီးသည်တွေ အဝင်အထွက် အမြဲရှိတယ်။ မြန်မာ့ခရီးသွားလုပ်ငန်း အတွက်လည်း မင်္ဂလာပေါ့ဗျာ။

တုတ်ထိုး – ပုဂံမှာ ဟိုတယ်ဈေးတွေက ဈေးကြီးတယ်ဗျ။
အိုးပေါက် – ဟိုတယ်ခတွေ ဈေးကြီးပေမယ့် တချို့ဘုရားတွေက ခေတ်မီတယ်။ ဟိုတယ်အတွင်းမှာ သတင်းသုံးတော်မူကြတယ်။

တုတ်ထိုး – ဘယ်လို ဘယ်လို။ ဘုရားတွေက ဘာဖြစ်လို့ ဟိုတယ်မှာ တည်းမှာတုန်း။
အိုးပေါက် – မြန်မာမှန် ပုဂံရောက်ဖူးရမည်တဲ့။ မယုံရင် ပုဂံသွားကြည့်ပါ။ တချို့ဟိုတယ်တွေထဲမှာ ဘုရားတွေရှိတယ်။ ဘုရားမြေထဲ ဟိုတယ်ဝင်ဆောက်ထားကြတော့ တချို့ဘုရားတွေလည်း ဟိုတယ်ပေါ်တက်ပြီး သီတင်းသုံးတော်မူရသလို ဖြစ်နေတယ်။

တုတ်ထိုး – ဒါတွေလည်း ပြင်ရမယ်။ ဘယ့်နှယ် ကျော်မကောင်း ကြားမကောင်း ဟိုတယ်မှာ သီတင်းသုံးတော်မူရရှာတဲ့ ဘုရားရယ်လို့။
အိုးပေါက် – မြန်မာပြည်မှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျောင်းအုပ်ကြီးက WY ရောင်းသူ ဖြစ်နိုင်တာပဲ။ ရဲစခန်းမှာ ဖမ်းမိထားတဲ့ မူးယစ်ဆေးကလည်း ကျောက်ချဉ်ဖြစ်သွားခဲ့ဖူးတယ်လေ။

တုတ်ထိုး – ဗျာ။
အိုးပေါက် – မဗျာနဲ့။ ခင်ဗျား မကြားဘူးလား။ ဖျာပုံမြို့နယ်ထဲက အ.မ.က ကျောင်းတစ်ခုက ကျောင်းအုပ်ကြီးကို မင်္သကာလို့ စစ်ဆေးတာ မူးယစ်ဆေးဝါးတွေ မိသတဲ့။

တုတ်ထိုး – အဲ့ဒီ ကလေးတွေအတွက် ရင်ပူရပါရဲ့။
အိုးပေါက် – ကျုပ်တို့တိုင်းပြည်မှာ မူးယစ်ရန်ကတစ်ဖက် ဘာသာရေး မှိုင်းစွဲတွေက တစ်ဖက်၊ ငြိမ်းချမ်းရေးက တစ်ဖက်။ ရေဘေးကတစ်ဖက်၊ ဗုံးလက်နက်နဲ့ ခြောက်လှန့်တာကတစ်ဖက်၊ ရေဘေးကတစ်ဖက် တရားဥပဒေစိုးမိုးရေးက တစ်ဖက်၊ ဒီလိုမှန်းသိ အဘတွေခေတ်တုန်းက သာပေါင်းညာစား ဘုရားဖူးပြီး နေခဲ့ပါရဲ့။

တုတ်ထိုး – မှတ်တောင်ထားရအုန်းမယ်။ ဘာမှလည်း မဆိုင်ဘူး။
အိုးပေါက် – ဟဲ ဟဲ ဟဲ ။

တုတ်ထိုး – ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး နီးကပ်လာချိန်မှာ၊ ရွေးကောက်ပွဲကြီး နီးကပ်လာချိန်မှာ။ အခုလို ဗုံးနဲ့ခြောက်လှန့်တာကတော့ စဉ်းစားစရာပဲ။
အိုးပေါက် – NLD အဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ မုံရွာဦးအောင်ရှင်ကတော့ ပြောတယ်ဗျ။ ဒီမှာ လက်ပစ်ဗုံးတွေ့တယ်ဆိုတော့ ဘယ်လိုဖြစ်တာတုန်း။ NLD ကိုပဲ ခြောက်လှန့်နေတာလား၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်တွေကို ခြောက်လှန့်နေတာလားဆိုတာတော့ စဉ်းစားစရာ ကောင်းနေပြီတဲ့။

တုတ်ထိုး – ဟုတ်တယ်၊ စဉ်းစားစရာ ကောင်းနေပြီ။
အိုးပေါက် – အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ ကလောင်ရှင် မင်းအိမ်သစ်ရဲ့ စာလေး သတိရမိတယ်။

တုတ်ထိုး – ဘာတဲ့။
အိုးပေါက် – လောဘဇောတိုက်လို့ မဆုံးဖြစ်နေတာက စစ်သား၊ နာမည်ပျက်ခံပြီး ငွေနောက်လိုက်နေတာက ရဲသား၊ အဂတိတရား မကင်းတာက ဘုရားသား၊ ပေါ်ပြူလာနိုင်ငံရေးတွေ လဲလုပ်နေတာက ကျောင်းသား၊ ငွေနဲ့ အခွင့်အလမ်းတချို့ ရမယ်ဆို ဘနဖူးသိုက်တူး အမိဝမ်းကြောသိုက်လည်း နှိုက်မယ့်ကောင်တွေက မတစ်ရာသား၊ မွမွကြေခဲ့တာက တိုင်းသူပြည်သား။

တုတ်ထိုး – ကျုပ်တော့ ငါးပိကြော် မစားချင်ဘူးနော်။
အိုးပေါက် – ပြောတော့ ဒီမိုကရေစီဆို။

တုတ်ထိုး – ဦးနှောက်ပေါက်နေတဲ့ ကိုအိုးပေါက်ကြီးရဲ့ ဒီမိုကရေစီဆိုတာ ပိုချင်တဲ့နေရာ၊ မိုချင်တဲ့နေရာ၊ ရေချင်တဲ့နေရာ၊ စီချင်တဲ့နေရာမှ ဒီမိုကရေစီတာ။
အိုးပေါက် – မှတ်တောင်ထားရဦးမယ်။ ဒီလို ဒီမိုကရေစီ။

တုတ်ထိုး – ဟဲ ဟဲ ဟဲ ။ မြန်မာပြည်မှာ ဘာမဆိုဖြစ်နိုင်တယ်။
အိုးပေါက် – စကားဝိုင်း မသိမ်းခင် ကာတွန်းထင်လင်းကျော်ရဲ့ ကာတွန်းတစ်ကွက် ပြောပြဦးမယ်။

တုတ်ထိုး – ဘာတဲ့။
အိုးပေါက် – ကာတွန်းက ဘာလဲဆိုတော့ မှတ်တိုင်တွေကြားထဲမှာ ခမောက်ဆောင်းထားတဲ့ ပြည်သူနှစ်ယောက်ပြောနေတာ။ ပထမလူက ပြောတယ်၊ သမိုင်းမှာ မှတ်တိုင်တွေစိုက်ယူသွားကြပြီတဲ့။

တုတ်ထိုး – …….။
အိုးပေါက် – ဒုတိယလူက ပြန်ပြောတယ်။ သမိုင်းလှတဲ့ တိုင်းပြည်ကြီးပေါ်မှာနော် တဲ့။

တုတ်ထိုး – နေပါဦး။ မှတ်တိုင်တွေကြားမှာ ဆိုတော့ မှတ်တိုင်တွေမှာ ဘာရေးထားတာတုန်း။
အိုးပေါက် – မှတ်တိုင်တွေမှာ ရေးထားတာက အဘပိုင်။ ငါ့မိန်းမပိုင်။ ငါ့သမီးပိုင်။ ငါပိုင်။ ငါ့သားပိုင်။ ငါ့သမက်ပိုင်။ ငါ့မြေးပိုင်။

တုတ်ထိုး – ကျုပ်တို့ ပြည်သူတွေ ပိုင်တာလည်း ရှိပါတယ်။
အိုးပေါက် – ပြည်သူက ဘာပိုင်တာတုန်း။ ရွှေတွင်းလား၊ ငွေတွင်းလား။

တုတ်ထိုး – ဆင်းရဲတွင်း။
အိုးပေါက် – ဟွန့်။ မှတ်တောင်ထားရဦးမယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here