သက်ရှည်ကျန်းမာခြင်းသည် လာဘ်တစ်ပါး

2824

အာရောဂျံပရမံလာဘံ ကျန်းမာခြင်းသည်လာဘ်တစ်ပါးဖြစ်သည်။ “အာရောဂျံ =အနာရောဂါ၊ ပရမံ=မြတ်သော၊ လာဘံ=လာဘ်မည်၏” ဆိုတဲ့ဆိုရိုးစကားကို ဒီနေ့ အရေးတယူ မှတ်သားပြီး ကျင့်ကြံဖို့ လိုနေပါပြီ။

စီးပွားရှာချင်ပါသလား၊ ကျန်းမာရေးကောင်းဖို့ လိုပါတယ်။ ပညာရှာချင်သလား၊ ကျန်းမာရေး ကောင်းဖို့ လိုပါတယ်။ တရားရှာချင်ပါသလား၊ ကျန်းမာရေးကောင်းဖို့ လိုပါတယ်။ ကြင်ယာရှာချင်ပါသလား၊ ကျန်းမာရေးကောင်းဖို့ လိုပါတယ်။

ဒီမိုကရေစီ လိုချင်ပါသလား၊ ကျန်းမာရေးကောင်းဖို့ လိုပါတယ်။ ဖက်ဒရယ်လိုချင်ပါသလား၊ ကျန်းမာရေးကောင်းဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးလိုချင်ပါသလား၊ ကျန်းမာရေးကောင်းဖို့ လိုပါတယ်။ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားချင်ပါသလား၊ ကျန်းမာရေးကောင်းဖို့ လိုပါတယ်။

ကမ္ဘာကြီးကျန်းမာအောင် ကြိုးစားချင်ပါသလား၊ သင့်ကျန်းမာရေး အရင်ကောင်းအောင် ကြိုးစားဖို့ လိုပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာ့နိုင်ငံတွေဟာ ကျန်းမာရေးကို အထူးဂရုစိုက်လာကြပါတယ်။ ကမ္ဘာ့ကပ်ဆိုး ရောဂါတွေကို ကာကွယ်နိုင်ဖို့ အင်မတန်ကြီးမားတဲ့ ကုန်ကြစရိတ်တွေ ချမှတ်သုံးစွဲနေပါတယ်။

WHO ဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၁၆ ကနေ ၂၀၁၇ ထိ တစ်နှစ်တာ ဘတ်ဂျက်အတွက် အမေရိကန်ဒေါ်လာပေါင်း သန်း ၄၃၄၀.၄ သုံးစွဲခဲ့ပြီး ၂၀၁၈ – ၂၀၁၉ အတွက် ဘတ်ဂျက်ပေါင်း ၄၄၂၁.၅ သန်း ပြန်တိုးလို့ ချမှတ်ခဲ့ပြန်ပါတယ်။ အဲ့ဒီထဲမှာမှ အရေးပေါ်ကျန်းမာရေးအထောက်အပံ့ ဘတ်ဂျက်ဟာ ယခင်ကထက် အမေရိကန်ဒေါ်လာပေါင်း ၆၉.၁ သန်း ပိုတိုးလို့ ချမှတ်ခဲ့တာ တွေ့ရပါတယ်။

ကျွန်တော်တို့ နိုင်ငံက ၂၀ဝ၀ ကနေ ၂၀၁၂ လောက်ထိ ကျန်းမာရေးအတွက် ဘတ်ဂျက် ၁% ကျော်သာ သုံးစွဲပြီး ၂၀၁၃ ကစလို့ ၂% ကျော်ထိ သုံးစွဲခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဝန်ကြီးဌာနအလိုက် ဘတ်ဂျက်အဆိုတင်သွင်းရာမှာတော့ ကျန်းမာရေးဘတ်ဂျက် အတွက် ၅% တင်တာကိုတွေ့ရပါတယ်။ ဒါဟာ တိုင်းပြည်အတွက် အင်မတန်ဝမ်းသာစရာပါ။

ဒီနေ့ ကျွန်တော်တို့ အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းက ၃.၆% ကျော်၊ တရုတ်က ၄.၈%ကျော် သုံးပြီး စင်္ကာပူက ၄.၁% အသီးသီးနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ၅.၁% ကျော် ကျန်းမာရေးဘတ်ဂျက်တွေ သုံးစွဲနေတယ်လို့ World Bank Data မှာ ဖော်ပြထားပါတယ်။

Health Data အဖွဲ့ရဲ့ အချက်အလက်အရ မြန်မာနိုင်ငံရဲ့လူ့သက်တမ်းဟာ ၁၉၉၀ ခုနှစ်ချိန်များက အမျိုးသမီးက ၆၁ နှစ်နဲ့ အမျိုးသားက ၅၇ နှစ်လောက်ပဲရှိခဲ့ပြီး ၂၀၁၇ မှာတော့ လူ့သက်တမ်းဟာ အမျိုးသမီးက ၇၂ နှစ် နဲ့ အမျိုးသားက ၆၄ နှစ်အထိ တိုးလာတာတွေ့ရလို့လည်း ဝမ်းသာရပါတယ်။

အထက်ပါ မှတ်တမ်းတွေအရ ကျွန်တော်တို့ နိုင်ငံမှာ ကျန်းမာရေးအတွက် ဘတ်ဂျက်တွေ တိုးလာတာ၊ လူ့သက်တမ်းရှည်လာတာတွေကို တွေ့ရလို့ အားရစရာကောင်းလှပါတယ်။ ဒီနေ့ ကျွန်တော်တို့ အယောက်ချင်းစီမှာလည်း မိမိကျန်းမာရေးနဲ့ အသက်ရှည်ရှည်နေထိုင်သွားကြဖို့ တာဝန် ရှိပါတယ်။

ဒီနှစ်တွင်းမှာ ရာသီပေါ်တုပ်ကွေးကလည်း ယခင်နှစ်တွေကထက် ပိုဖြစ်နေတာကို သတိထား မိကြမှာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ၂၀၁၉ ဇန်နဝါရီလကနေ ဇူလိုင်လထိ ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် ရာသီပေါ်တုပ်ကွေးနဲ့ အခြားဆက်စပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ဦး၊ အသက်အရွယ် အားဖြင့် တုတ်ကွေးရောဂါစိုးရိမ်ရသူ (အသက် ၅နှစ်အောက်ကလေးနဲ့ အသက်၆၅နှစ်အထက်) ၇ ဦးနဲ့ H1N1 ကြောင့် အသက်ဆုံးရှုံးရသူ ၇ ဦးရှိခဲ့တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဂရုစိုက်သင့်ပါတယ်။

ဒီနေ့ လူ့ဘဝထဲရောက်လာပြီး အသက်ရှိနေစဉ်အချိန် ကျန်းကျန်းမာမာနဲ့ တန်ဖိုးရှိတဲ့လူသား၊ အများအကျိုးသယ်ပိုးတဲ့လူသား အဖြစ်ကျင့်ကြံနေထိုင်သွားမှာလား၊ ဒါမှမဟုတ် လိမ်လည်ညာတုတ်၊ ခိုးဆိုးလုနိုက်ပြီး “ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော” ဆိုပြီး နေသွားမှာလား ဒီနေ့ သင့်ကိုယ်သင် မေးရမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here