တုတ်ထိုး – ရပ်။ အကုန်ရပ်။
အိုးပေါက် – ဟဲ့။ လက်ထဲမှာလည်း ကတ်ကြေးသုံးလက်နဲ့ဖယောင်းတိုင်နဲ့။ အောင်မယ် ပြာတစ်ဆုပ်နဲ့။ ကြည့်စမ်း။ တမာရွက်တွေက ပါသေးရဲ့။
တုတ်ထိုး – အဟဲ၊ ကပ်ကြီးသုံးပါး ကျော်လွှားသွားနိုင်ဖို့ယတြာချေမလို့။
အိုးပေါက် – ကပ်ကြီးသုံးပါးနဲ့ ကတ်ကြေးသုံးလက်။ ဘာမှလည်း မဆိုင်ဘူး။ ဘုရားမှာ ဆွမ်းတော်ကပ်၊ ပန်းတော်ကပ်၊ရေတော်ကပ်ဆိုရင် တော်သေးရဲ့။ အခုဟာက ဘယ့်နှယ်ကတ်ကြေးသုံးလက်တဲ့။ နေပါဦး ပြာတွေက ဘာလုပ်ဖို့။
တုတ်ထိုး – နတ်သမီးပြာတဲ့။ ဒါကို ရေနွေးနဲ့သောက်၊ ကိုဗစ်ပျောက်သတဲ့။
အိုးပေါက် – ဘယ်သူပြောတာတုန်း။
တုတ်ထိုး – သိဘူး။Facebook မှာ သူများတွေ Share ထားတာ တွေ့လို့။
အိုးပေါက် – တမာရွက်တွေက ဘာလုပ်ဖို့တုန်း။
တုတ်ထိုး – အဟဲ။ Facebook မှာလည်း မမကြီးတစ်ယောက်ပြောတယ်။ မောင်လေးတဲ့။
အိုးပေါက် – ခင်ဗျားလို သေခါနီးအရွယ်ကြီးကို မောင်လေးလို့ ခေါ်သေးတယ်နော်။
တုတ်ထိုး – အဟဲ။ စိတ်ပျိုကိုယ်နုနေတာပါဗျ။ ထားပါတော့။ အဲ့ဒီမမကြီးက ပြောတယ်။ မောင်လေးတဲ့ တမာရွက်ပြုတ်သောက်ပါတဲ့။ ကိုဗစ်ပျောက်သတဲ့။
အိုးပေါက် – ဒါလည်း ယုံတာပဲလား။
တုတ်ထိုး – အားကိုးအားထားစရာ မရှိတော့ သူများလာလာပြောတိုင်း လိုက်လိုက်လုပ်မိတာပဲ။ ဆာဒူးကြီး စည်သူဆိုတာ ရှိသေးတယ်။ သူက ဆီမန်း၊ ရေမန်း၊ အရက်မန်း မန်းပေးသတဲ့။ သူ့ဆီသွားပြီး မန်းရမလား စဉ်းစားနေတာ။
အိုးပေါက် – ဆာဒူးကြီးစည်သူက သူ့ဖင်မှာပေါက်နေတဲ့ ဝဲတောင် ပျောက်အောင်မကုနိုင်တာ ရေနဲ့မန်းပြီး ကိုဗစ်ကိုပျောက်အောင် ဘယ်လိုကုမတုန်း။
တုတ်ထိုး – ဟုတ်သားပဲနော်။
အိုးပေါက် – ခင်ဗျား သွားမန်းမနေနဲ့။ ဟိုစကားပုံလို ဖြစ်သွားမယ်။
တုတ်ထိုး – ဘာတဲ့။
အိုးပေါက် – လှုပ်လေ မြုပ်လေတဲ့။ မန်းလေ ပြဲလေတဲ့။
တုတ်ထိုး – မှတ်တောင်ထားရဦးမယ်။
အိုးပေါက် – အရာရာကို ချင့်ယုံ ချင့်တွေးကြပါ။ တချို့ဆိုရင်Facebok မှာ တွေ့တာနဲ့ မစူးစမ်းတော့ဘူး။ မဆင်ခြင်တော့ဘူး။ သတင်းမှားတွေ၊ အချက်အလက်မှားတွေ ပြန်မျှဝေမိရင် ဘေးထွက်ဆိုးကျိုး ပိုများတတ်တယ်။
တုတ်ထိုး – ဒါနဲ့ တချို့ ပြည်တော်ပြန်တွေက အစစ်မခံဘဲရှောင်နေပြေးနေကြသတဲ့။
အိုးပေါက် – အဲ့ဒီနည်းက ရောဂါပိုးကို ပိုဖြန့်ဝေရာတောင်ရောက်သဗျ။ ၁၄ ရက်ပဲ အစစ်ဆေးခံ အေးအေးဆေးဆေးနေရမှာ။ ၁၄ ရက် မနေနိုင်တာနဲ့ တစ်ဘဝစာ မိသားစုနဲ့ ဝေးရမှာ တွေးသိကြဖို့ လိုပါတယ်။ ဒီနေရာမှာ အသိပညာကအရေးကြီးလာပြီ။ ဆင်ခြင်ဉာဏ်က အရေးကြီးလာပြီ။
တုတ်ထိုး – ဒါနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တောင် Facebook Follower တွေ သိန်းချီသွားသတဲ့။ Blue Mark လည်း ရသတဲ့။
အိုးပေါက် – ဇူကာဘက်က ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူငယ်ငယ်ကလေးကတည်းက လေးစားရတဲ့လူတစ်ယောက်ပါတဲ့။ သူ့ account မှာ ဆဲရေးတိုင်းထွာတာတွေ၊ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေ မန့်လို့မရအောင် လုပ်ထားသတဲ့။
တုတ်ထိုး – အင်း။ အမေစုတစ်ယောက် ပျင်းရင် Tik Tok များ ဆော့နေမလား။
အိုးပေါက် – ဟဲ့။ ဒီလောက် အလုပ်ရှုပ်နေတာ Tik tok ဆော့ချိန် ရပါ့မလား။
တုတ်ထိုး – ဒါတောင် ၤခေနဘသသု သုံးတယ်ပေါ့။
အိုးပေါက် – ဟဲ့။ နင့်သားသမီး ဝေေ၀တို့၊ နိုနိုတို့၊ ဆလိုင်းတို့လို အားအားယားယား ဒွန့်နေဖို့ Facebook Account ဖွင့်တာ မဟုတ်ဘူးဟဲ့။ ဟိုတစ်ယောက်ဆို ပိုဆိုး Facebook Account နာမည်က “အကြောတင်း”တဲ့။ မှတ်တောင်ထားရဦးမယ်။ ခင်ဗျားပြောနေတာနဲ့ လိုရင်းမရောက်တော့ဘူး။ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ပို့စ်မှာ ရေးထားတယ်။ “Facebook ကို သုံးဖို့ ဆန္ဒလုံးဝမရှိခဲ့ပါ။ ဒီအချိန်မှာတော့ Covid-19 စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ်နိုင်ဖို့ သုံးလိုက်ပါတယ်”တဲ့။
တုတ်ထိုး – မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ်နိုင်ဖို့ သုံးလိုက်တာဆိုတော့ ပြန်/ဆက် ဝန်ကြီးက အလုပ်မလုပ်သလိုလိုပေါ့နော်။
အိုးပေါက် – ပြန်/ဝန်ကြီးက ဘယ်သူတုန်း။
တုတ်ထိုး – “ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ်”လေ။
အိုးပေါက် – ဘာတဲ့ ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ။
တုတ်ထိုး – ဘေဘီလေး အိမ်မှာ လုံလုံခြုံခြုံနေမှ အသက်ချမ်းသာရပြီး လုံခြုံမယ်ပြောတာ နေမှာပေါ့။ အဲ့ဒီပုဂ္ဂိုလ်ကြီးက Stay at Home နေတာများသွားတာလားမှ မသိတာ။
အိုးပေါက် – မှတ်တောင်ထားရဦးမယ်။
တုတ်ထိုး – အခုလို ပြည်သူတွေ ကိုဗစ်နဲ့တွေ့နေချိန်မှာတချို့ အနီကြောင် အစိမ်းကြောင်တွေဟာ ပွဲလန့်တုန်းဖျာခင်းကြတယ်။ ဒုက္ခတွေ့သူကို ကူညီကြတာ၊ လှူကြတန်းကြတာကောင်းပါတယ်။ မဲဆွယ်တဲ့အသွင်နဲ့ လှူကြတန်းကြတာတော့ မကောင်းပါဘူး။ စိတ်ထားလေး သန့်သန့်ရှိနေဖို့ လိုပါတယ်။
အိုးပေါက် – ပြည်သူတွေက ညီညွတ်ကြသဗျ။ အချင်းချင်းကူညီကြတယ်။ ထောက်ပံ့ကြတယ်။ ဝန်ထမ်းတွေ၊ သူနာပြုတွေ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေကလည်း လိုအပ်တဲ့နေရာတွေမှာ ဆန်၊ဆီ၊ဆားက အစ PPE တွေ၊ Mask တွေ လှူကြတယ်။ အိမ်အရောက် ပို့ပေးကြတယ်။ ချစ်စရာကောင်းတဲ့ မြန်မာ့လူမှုစရိုက်ဟာ ကမ္ဘာကတောင် အံ့သြရပါတယ်။
တုတ်ထိုး – အရေးကြီးတော့ သွေးနီးတတ်ကြတဲ့ နိုင်ငံသူ၊နိုင်ငံသားတွေပါဗျာ။ ဒုက္ခတွေကြားက အလှတရားတစ်ခုပါပဲ။
အိုးပေါက် – ဒါနဲ့ ကိုဗစ်အတွက် ဆေးရုံတွေမှာ လူအင်အား၊ စက်အင်အား၊ ဆေးဝါးအလုံအလောက် ရှိတယ်တဲ့ဗျ။
တုတ်ထိုး – ဟာသတွေ လာပြောပြန်ပြီ။ ဘယ်သူပြောတာတုန်း။
အိုးပေါက် – ဒေါက်တာသာထွန်းကျော်က ပြောတာဗျ။
တုတ်ထိုး – ပရမ်းပတာတွေ ပြောပြန်ပြီဗျာ။
အိုးပေါက် – ဓမ္မရံသီ အရှင်ကဝိန္ဒ(မိုးကုတ်)ဟောတာလေးသတိရမိတယ်။
တုတ်ထိုး – ဘာတဲ့တုန်း။
အိုးပေါက် – “သူနာပြု မလုံလောက်ဘူးထင်ကြတယ်။ ပြည်သူတစ်ရပ်လုံးက စေတနာ့ဝန်ထမ်းတွေအဖြစ် ပြောင်းလဲကုန်တယ်။ ကြက်ခြေနီ၊ မီးသတ်၊ စည်ပင် စုံလို့။ အစားအစာရိက္ခာ မလုံလောက်ဘူးထင်ကြတယ်။ ပရဟိတအဖွဲ့အစည်းအသီးသီးတွေ အလျှိုလျှိုပေါ်လာတယ် နေရာအစုံက။ ငွေရေးကြေးရေး အခက်အခဲဖြစ်မယ်ထင်ကြတယ်။ ငယ်၊လတ်၊ကြီး အရွယ်သုံးပါး လှူလိုက်တာမှ မလူပျံလို့။ ဒီကပ်ရောဂါကြီးကြောင့် မနိုင်မနင်းဖြစ်မယ် ထင်ကြတယ်။ အစိုးရ၊တပ်မတော်၊ ရဟန်းရှင်လူ ပြည်သူ အားလုံး တောရောမြို့ပါညီညီညွတ်ညွတ်နဲ့ တွန်းလှန်ပြခဲ့တယ်။…. ဒါကြောင့်မြန်မာနိုင်ငံ ကံကောင်းလွန်းနေတယ်”တဲ့ဗျ။
တုတ်ထိုး – ဆက်ပြီး ကံကောင်းဖို့လည်း လိုတယ်နော်။
အိုးပေါက် – ဆက်ပြီး ကံကောင်းကြဖို့ စတေးဟုမ်းကြပါဦးစို့။လက်ဆေးကြပါဦးစို့။
တုတ်ထိုး – ကိုဗစ်ကြောင့် ပြည်သူတွေ ဒုက္ခရောက်နေကြချိန်မှာ ကိုစစ်ချစ်သူများအနေနဲ့ ပြည်သူကို တကယ်ချစ်ရင်စစ်ပွဲတွေ ရပ်ကြပါတော့။ ကိုဗစ်ကြောက်ရမလား၊ စစ်ကြောက်ရမလား။ ပြည်သူတွေမှာ လမ်းတွေတကယ်ပျောက်နေရပါပြီဗျာ။
အိုးပေါက် – ကဲပါဗျာ။ ကိုဗစ်ကြောင့် ပြည်သူတွေ စိတ်ညစ်နေရတဲ့အချိန် ကျုပ်တို့လည်း အတင်းတွေ၊ အဖျင်းတွေ လျှော့၊ လေတွေလျှော့ပြီး တစ်ဖက်တစ်လမ်းက ကူညီကြပါစို့။
တုတ်ထိုး – လက်ဖက်ရည်ဆိုင် ထိုင်၊ ဘီယာဆိုင်ထိုင်တာတွေမလုပ်ကြဘဲ ပါဆယ်ပဲဆွဲကြပါစို့။
အိုးပေါက် – ခင်ဗျားလည်း ကိုဗစ်အကြောင်းပြပြီး KTV က ကောင်မလေးတွေ၊ မာဆက်က ကောင်မလေး တွေကို ပါဆယ်မဆွဲကြေးနော်။
တုတ်ထိုး – မှတ်တောင်ထားရဦးမယ်။
အိုးပေါက် – စကားဝိုင်း မသိမ်းခင် ကျန်းမာရေးဗဟုသုတလေး တစ်ခုလောက် မျှပေးသွားပါဦး။
တုတ်ထိုး – အွန်လိုင်းမှာ ကြည့်လိုက်ရတဲ့ Covid-19 Corona Virus ကူးစက်ခံရပါလျက်နဲ့ လူတိုင်း သတိမပြုမိတဲ့ အချက်လေးချက်ကို မျှဝေပေးခဲ့ပါ့မယ်။
အိုးပေါက် – သာဓုဗျာ သာဓု။
တုတ်ထိုး – ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပါလျက်နဲ့ သတိမပြုမိဘဲ ပေါ့ပေါ့လျော့လျော့ နေနိုင်မိစေနိုင်တဲ့ အချက်လေးချက်ရှိတယ်လို့ ဆေးသုတေသနပညာရှိတွေက ဆိုသတဲ့။ ဝမ်းနာကျင်မှု ဝေဒနာ မသိမသာ ခံစားရတာတဲ့ဗျ။ ဝမ်းလျှောတာမျိုးမဖြစ်ခင်မှာ ဝမ်းဗိုက်နာကျင်မှု ဝေဒနာ ခံစားရပြီဆိုရင် ဆေးစစ်မှုတွေ ခံယူဖို့ လိုသတဲ့ဗျ။ ဆေးရုံကို ဝမ်းလျှော၊အော့အန်၊ အစာအိမ်နာကျင်တဲ့ ဝေဒနာတွေနဲ့ ရောက်ရှိလာတဲ့ ဝေဒနာရှင်တွေကို ဆေးစစ်ကြည့်တဲ့အခါ အဲ့ဒီအထဲက ၄၈.၅ ရာခိုင်နှုန်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ကြသတဲ့။ ဒုတိယတစ်ချက်ကတော့အစားအသောက် ပျက်လာတာနဲ့ မျက်လုံးကို သတိမထားမိဘဲ ကိုင်တွယ်မှုတွေကနေပြီး ကူးစက်တာပါပဲတဲ့။
အိုးပေါက် – သတိထားရမယ်။
တုတ်ထိုး– မသန့်ရှင်းတဲ့လက်နဲ့ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းနဲ့လည်ချောင်းတစ်ဝိုက်ကို ကိုင်တွယ်မိရာကနေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တယ်ဆိုတာ သိပြီးသားပဲဗျ။ ဒါပေမဲ့အစားအသောက် ပျက်လာတာဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ လက္ခဏာတစ်ရပ်ဆိုတာ ဘယ်သူမှ မသိကြပါဘူးတဲ့။ အစားအသောက်ကို အရသာ ခံမရ၊ အနံ့ခံမရ ဖြစ်လာပြီဆိုရင် ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီလား ဆိုတဲ့ သံသယဝင်စရာအခြေအနေ ဖြစ်လာပါပြီတဲ့ဗျာ။ ကိုရိုနာဗိုင်းရပ်စ်ဟာ နှာခေါင်းနဲ့ လည်ချောင်းထဲက ဆဲလ်တွေကို စတင်ဖျက်ဆီးနေပြီဖြစ်လို့ အဲ့ဒီလက္ခဏာ ပြသလာတာဖြစ်ကြောင်းပညာရှင်တွေက ရှင်းပြထားသဗျ။
အိုးပေါက် – ဒါလည်း သတိပြုစရာပါပဲ။ တမာရွက်ထက်ခင်ဗျားပြောတာလေးက ပိုပြီး သတိပြုစရာပါပဲ။
တုတ်ထိုး – တတိယတစ်ချက်ကတော့ အာရုံကြောစနစ်ဝေေ၀ဝါးဝါး ထိုင်းမှိုင်းလေးလံလာတာတဲ့ဗျ။ ဆိုးဆိုးရွားရွားခေါင်းကိုက်မှုတွေ စတင်ဖြစ်ပေါ်လာပြီ၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ဖိစီးလေးလံမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်ပေါ်လာရင် မပေါ့လျော့ကြပါနဲ့တဲ့ဗျ။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းသံဆိုတာ သတိပြုမိဖို့ လိုပါတယ်တဲ့။
အိုးပေါက် – နောက်တစ်ခုက ဘာတဲ့။
တုတ်ထိုး – နောက်ဆုံးတစ်ချက်ကတော့ မောပန်းမှုဒဏ်ကိုဆိုးဆိုးရွားရွား ခံစားရခြင်းပါပဲတဲ့။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သံသယရှိသူလူနာတွေကို စစ်ဆေးရာမှာ (၄၄)ရာခိုင်နှုန်းက ရောဂါလက္ခဏာတွေ အားလုံးပြည့်ပြည့်စုံစုံ မပြသခင်မှာ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားထားရကြောင်း လက္ခဏာကို ပြသနေခဲ့တယ်လို့ ပညာရှင်တွေက ဆိုပါတယ်တဲ့။ ဝမ်းဗိုက်နဲ့ ရင်ဘတ်တစ်ဝိုက်မှာ နာကျင်မှုဝေဒနာ ဖြစ်ပေါ်လာရင် မပေါ့လျော့သင့်ပါဘူးတဲ့ဗျာ။
အိုးပေါက် – ဒီလက္ခဏာတွေ ဖြစ်ပေါ်လာရင်၊ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ကုသသင့်ပါတယ်။
တုတ်ထိုး – ဒါပေါ့။
အိုးပေါက် – တို့ အယ်ဒီတာကြီးတောင် ကြည့်ပါလား။ အစားအသောက်ပျက်မှာစိုးလို့တဲ့။ အစားအသောက် မပျက်အောင် Stay Home နေရင်း အခန်းထဲမှာ စားသောက်နေလိုက်တာ။ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ အခန်းထဲက ထွက်မရတော့ဘူးတဲ့။
တုတ်ထိုး – ဟင်၊ ဘာဖြစ်လို့။
အိုးပေါက် – အစားအသောက်တွေ ပါးဖြဲနားဖြဲစားပြီး Stay Home နေလိုက်တာ လူက ကိုယ်ခံအားတွေ ကောင်း၊ အဝတွေ အလှတွေတိုးပြီး ဖက်တီးဖြစ်လာတာ။ တံခါးဝကတောင် ထွက်မရရှာတော့ဘူးတဲ့။
တုတ်ထိုး – တို့လမ်းထိပ်က အပျိုကြီးမချစ်သဲကတော့ အိမ်တွင်းအောင်းပြီး ငိုရလွန်းလို့ ပိန်ချုံးနေပြီ။
အိုးပေါက် – ကိုဗစ်ကြောင့်များလား။
တုတ်ထိုး – ကိုဗစ်မရှိတုန်းကတောင် ရပ်တကာ ရွာတကာလှည့်ပြီး ဖူးစာရှင် ရှာနေတာ မတွေ့ဘူး။ အခု ကိုဗစ်ကြောင့်၁၄ ရက် Stay Home နေရတော့ ဒီတစ်သက် အိမ်ထောင်ကျမှာ မဟုတ်တော့ဘူး တွေးတွေးပြီး ငိုချင်းချနေရှာသတဲ့။
အိုးပေါက် – ကဲ ကဲ အပျိုကြီးမချစ်သဲတို့လို အပျိုကြီးမမများလည်း ရောက်လေရာ အိမ်ထောင်ကျပြီး ကိုဗစ်နဲ့လည်း ဝေးကြပါစေဗျာ။
တုတ်ထိုး – မှတ်တောင်ထားရဦးမယ်။ ရောက်လေရာ အိမ်ထောင်ကျပါစေတဲ့။
အိုးပေါက် – ဟဲ ဟဲ ဟဲ။