ဟင်းခတ်အမွေးအကြိုင်တစ်မျိုးဖြစ်ပြီး အိန္ဒိယကို အဓိကထားတင်ပို့တဲ့ ပူတာအိုဒေသထွက် အလေချီတွေ အခုနှစ် ဝယ်ယူသူမရှိဘဲ ဈေးကောင်းမရဘူးလို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။
အခုချိန်ကာလမှာ အထွက်များပြီး ပူတာအိုဒေသတွင်းမှာ ဝင်ငွေရဖို့ အားထုတ်စိုက်ပျိုးလုပ်ကိုင်ကြတဲ့အလေချီထွက်ကုန်တွေဟာ တင်ဆောင်ခစရိတ်မြင့်မားတဲ့အတွက် အခုနှစ်မှာ ဝယ်ယူသူရှားပါးနေပြီးဈေးကောင်းမရတာကြောင့် အလေချီစိုက်တောင်သူတွေ အခက်ကြုံနေကြပါတယ်။
ပူတာအိုမြို့မှာ အလေချီဝယ်သူ များများစားစားမရှိတာနဲ့ ဈေးကောင်းလည်းမရတာကြောင့် လုပ်အားခနဲ့ မကိုက်ဘဲ အခုနှစ် အရောင်းအဝယ်သိပ်မဖြစ်ကြဘူးလို့ ပူတာအိုဒေသခံတစ်ယောက်က ပြောပါတယ်။
“ဒီနှစ်ကတော့ အရောင်းအဝယ်မဖြစ်ကြဘူး။ ဝယ်တဲ့သူကရှိပေမဲ့ ဈေးနှုန်းမရဘူးပေါ့။ထွက်ကုန်ကတော့ အများကြီးရှိနေပြီ။ ဒါပေမဲ့ အဲလိုအကောက်ခွန်တအားများလို့ ဒီဘက်ကို ဈေးကောင်းခါတိုင်းနှစ်လို မပေးနိုင်ဘူး။ အဲလိုအကြောင်းပြချက်တော့ကြားရတယ်။ ဒါပေမဲ့ တကယ်တော့ဘယ်လိုဖြစ်လဲဆိုတာ မသိရသေးဘူး”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က အလေချီတစ်ပိဿာကို ခုနှစ်သောင်းဝန်းကျင်အထိရကြပေမဲ့ ဒီနှစ်မှာတော့နှစ်သောင်းခွဲလောက်ပဲပေးသလို ဒေသတွင်းမှာ အလေချီကို အများအားဖြင့် သီးသန့်အသုံးပြုတာမတွေ့ရဘူးလို့လည်း ဆိုပါတယ်။
အလေချီကို ပူတာအို၊ နောင်မွန်နဲ့ မချမ်းဘောမြို့နယ်တွေမှာ အဓိကစိုက်ပျိုးကြပါတယ်။ အိမ်တိုင်းနီးပါးရသလောက်စိုက်ပျိုးကြပြီး တစ်နှစ်ထက်တစ်နှစ် စိုက်ဧကများလာသလို အခုနှစ် အလေချီအတော်များများထွက်တယ်လို့ ပူတာအိုဒေသခံက ထပ်ပြောပါတယ်။
အရင်နှစ်က ကျပ်ခြောက်သောင်းခွဲ ခုနှစ်သောင်းအထိ ဈေးရခဲ့တဲ့ အလေချီဟာ ဒီနှစ်မှာတော့သုံးသောင်းဝန်းကျင်ပဲဈေးရှိပြီး တစ်ပိဿာကျပ်သုံးသောင်းဆိုတာ အခြောက်ခံတဲ့အချိန်ထိအလေချီစိုက်ပျိုးစရိတ်တောင် မကာမိဘူးလို့ တခြားပူတာအိုဒေသခံတစ်ယောက်ကလည်း ဆိုပါတယ်။
တချို့ကတော့ ပိုက်ဆံတွေပြတ်လပ်တဲ့အခါ ရတဲ့ဈေးနဲ့ရောင်းကြသူတွေလည်း ရှိတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။ လမ်းမှာရှိတဲ့ဂိတ်တွေက ကောက်ခံတဲ့ဂိတ်ကြေး များတာကြောင့် ဝယ်သူတွေလည်း ရှုံးသလိုနိုင်ငံရေးအခြေအနေကြောင့် မဝယ်ရဲကြဘူးလို့ ကြားသိရကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒါကြောင့် ဝယ်သူရှားပြီး ဈေးမရဖြစ်နေတာလို့လည်း ဆိုကြပါတယ်။
မြစ်ကြီးနား – ပူတာအိုကားလမ်းဟာ ပူတာအိုဒေသရဲ့ ကုန်စည်စီးဆင်းရာနဲ့ ကုန်တွေဝင်တဲ့ အဓိကလမ်းကြောင်းဖြစ်ပြီး ပူတာအိုဒေသက ထွက်ကုန်တွေလည်း အဲဒီလမ်းကြောင်းနဲ့ပဲ တင်ပို့ကြတာပါ။
“ဒီနှစ်က သုံးသောင်းတောင် ဝယ်သူမရှိဘူး။ အဲဒါအဆင်မပြေလို့ အလေချီစိုက်သူတွေအရမ်းစိတ်ညစ်နေကြတယ်။ နေ့စားခခေါ်ပြီး ငွေမပေးနိုင်တော့ အလေချီပေးတာ။ အလေချီကပြန်မရောင်းရဆိုတော့ ပြည်သူတွေ အကြွေးကပ်နေတာ။” လို့ နောင်မွန်ဒေသခံ တစ်ဦးက ဆိုပါတယ်။
နောင်မွန်မှာလည်း အများအားဖြင့် ရွှေ့ပြောင်းတောင်ယာလုပ်တဲ့နေရာတွေဘက် စိုက်ပျိုးကြပြီးအရင်းအနှီးပေါ်မူတည်ပြီးတော့ တချို့ကလည်း တစ်နှစ်မှာ အပင်တစ်သောင်းထိ စိုက်ကြတာရှိတယ်လို့နောင်မွန်ဒေသခံက ပြောပါတယ်။
အခုချိန်ဟာ အလေချီအများပိုင်းထွက်တဲ့အချိန်ဖြစ်ပြီး အများစုက အခြောက်ခံပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။အလေချီပင်စိုက်ထားပြီး ၃ နှစ်မှာမှ အသီးရတာဖြစ်သလို အပင်သက်တမ်းက ၇ နှစ်ဝန်းကျင် ရှိတယ်လို့ဆိုပါတယ်။ စိုက်ပျိုးဖို့ အလေချီအပင်တစ်ပင်ကို ကျပ် ၂,၀၀၀ ကနေ ကျပ် ၆,၀၀၀ဝန်းကျင်ပေးရတယ်လို့ သိရပါတယ်။
ဩဂုတ်လ၊ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေအတွင်း အသီးတွေခူးယူ အခြောက်ခံကြတာဖြစ်ပြီးရှေ့ပိုင်းချိန်တွေမှာတော့ တစ်နှစ်ပတ်လုံး ကိုယ်တိုင် ဒါမှမဟုတ် လူငှားပြီး ပုံမှန်သန့်ရှင်းရေးလုပ်ပေးရပါတယ်။
ဒါ့အပြင် အလေချီစိုက်ပျိုးပုံဟာ ရှောက်ကောနဲ့ဆင်တူပေမဲ့ ရှောက်ကောထက် ပိုဂရုစိုက်ရပြီးအသီးခူးတဲ့အခါမှာလည်း ရှောက်ကောထက် ခက်ခဲတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ အလေချီတစ်ပင်ကနေ အလေချီအခြောက် ၂ ပိဿာလောက်ရတယ်လို့ ဆိုပါတယ်။ များများစိုက်သူတွေကတော့ မီးဖိုကြီးလုပ်ပြီး ရှောက်ကောလိုပဲ အခြောက်ခံကြပါတယ်။ အခြောက်ခံပြီးလေမဝင်အောင် သေချာသိမ်းထားရင်တော့ အထားခံတယ်လို့လည်း ဆိုကြပါတယ်။
ပူတာအိုကနေ မြစ်ကြီးနားကိုပို့ပြီး မြစ်ကြီးနားကနေတစ်ဆင့် ပန်ဆောင်လမ်းကနေ အိန္ဒိယကိုပို့ကြတာဖြစ်တယ်လို့ သိရပါတယ်။ လမ်းပိုင်းမှာ အလေချီတစ်ပိဿာကျပ်နှစ်ထောင်ကောက်ခံတယ်လို့ဆိုပေမဲ့ လမ်းပိုင်းကုန်ကျတဲ့စရိတ် အတိအကျကိုတော့ မသိရပါဘူး။
လက်ရှိကုန်ဈေးနှုန်းနဲ့ ဝင်ငွေရှာဖွေရခက်နေတဲ့အခြေအနေကြား ဝင်ငွေရဖို့ စိုက်ပျိုးထားတဲ့ဒေသခံတွေရဲ့အလေချီကုန်တွေ ရောင်းနိုင်ဖို့ ဝိုင်းဝန်းကူညီပေးစေလိုတယ်လို့ နောင်မွန်ဒေသခံက ပြောပါတယ်။
၂၀၂၁ ခုနှစ်လောက်ကနေစပြီး အလေချီဈေးရှိလာတာကြောင့် ပူတာအို၊ နောင်မွန်၊ ပန်နန်းဒင်၊ခေါင်လန်ဖူး၊ ခါးလန်နဲ့ နမ်ဇိုင်စတဲ့ဒေသတွေမှာ အိမ်ခြေပေါင်း တစ်သောင်းနှစ်ထောင်လောက်ကတခြားအလုပ်အကိုင်တွေကို စွန့်လွှတ်ပြီး အလေချီကို စိုက်ပျိုးလာကြတာ ၅ နှစ်လောက်ရှိလာပြီလို့သိရပါတယ်။ ဒါပေမဲ့ အသီးထွက်ချိန် ဝယ်သူမရှိတဲ့အတွက် စိုက်ပျိုးစရိတ်ဆုံးရှုံးမှာကိုစိုးရိမ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒါကြောင့် ဒေသထွက်ကုန်တွေဖြစ်တဲ့ အလေချီလိုကုန်တွေ ရောင်းထွက်နိုင်ဖို့ လမ်းပိုင်းက ဂိတ်တွေမှာကောက်ခံတဲ့ဂိတ်ကြေးတွေ လျှော့ချပေးဖို့နဲ့ ဝယ်သူတွေရှိလာအောင် ဝိုင်းဝန်းကူညီပေးဖို့ ဒေသခံတောင်သူတွေက မျှော်လင့်နေတာဖြစ်ပါတယ်။






