မတ်၊၉
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ တောင်နီနှင့် မင်းကုန်းကြားတွင် အောက်ပိုင်းမှ တက်လာသည်ဟု ယူဆရသည့် စစ်ကောင်စီ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်တို့မှ ယမန်နေ့ည(၇)နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
(၁၀)စီးထက်မနည်း မောင်းနှင်လာသည့် အဆိုပါ စစ်ကောင်စီယာဉ်တန်းကို KIA၊ PDF ပူးပေါင်းအဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက် အပြန်အလှန် မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။
“ဆားမှော် မရောက်ခင် တောင်နီနဲ့ မင်းကုန်းကြားမှာ ဖြစ်တာ။ ယာဉ်တန်းကို ပစ်တာ။ (၁၀)စီးထက်တော့ မနည်းဘူး စစ်ကားက။ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ခဏတော့ အပြန်အလှန် ပစ်ခတ်ကြတာ။ မြစ်ကြီးနားဘက် တက်လာတာလား၊ တနိုင်းဘက်တက်လာတာလားတော့ မသိဘူး”ဟု ၎င်းက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဉ်တန်းထိခိုက်ပျက်စီးမှုနှင့် ပတ်သက်ပြီး မြစ်ကြီးနားသတင်းဂျာနယ်မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ယင်းအပြင် မိုးညှင်းမြို့ တက္ကသိုလ်ကျောင်းဝင်းထဲတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ပေါင်းစုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်(၃)နာရီ ဝန်းကျင်က သွား ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။







