ဧပြီ၊၂၂
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မရန်ကထောင်ကျေးရွာက စစ်ကောင်စီဂိတ်စောင့် တပ်သားတွေကနေ ကားသမားတွေကို ဂိတ်ရှောင်တဲ့ လမ်းပြပေးတယ်ဆိုပြီး အမျိုးသား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
စစ်ရေးအခြေအနေကြောင့် ဖားကန့်၊ တနိုင်းဘက်တက်မယ့် ဆန်၊ ဆီစတဲ့ ပစ္စည်းတင်ကုန် ကားတွေအားလုံးကို မရန်ကထောင်ဂိတ်ကနေ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ကားတွေ အများအပြား ပိတ်မိနေတာလည်း ဖြစ်ပါတယ်။
မနေ့က ဧပြီလ ၂၁ ရက်နေ့ည ၇ နာရီလောက်က အထက်ပါ အမျိးသား ၅ ဦးဟာ ကားသမားတွေကို ဂိတ်ရှောင်တဲ့လမ်းကနေ ဖြတ်သန်းသွားလာဖို့ လမ်းပြပေးတယ်ဆိုပြီး မိုးကောင်းစစ်ကောင်စီတပ်ဘက် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ဆန်၊ ဆီ၊ ကုန်ပစ္စည်းသယ်တဲ့ ကားတွေအားလုံးက မရန်ကထောင်ဂိတ်ကနေ ပိတ်ထားတယ်။ တစ်ချို့ကားသမားတွေကို တနိုင်းဘက်သွားတဲ့ လမ်းပြပေးတော့ ငါးယောက်ကို ဖမ်းသွားကြတယ်“လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေဟာ မရန်ကထောင်အနီးအနားရွာတွေက ဖြစ်တယ်လို့ ကနဦးသိရှိရပြီး နာမည်အတိအကျတော့ မသိရှိရသေးဘူးလို့ အထက်ပါ သတင်းအရင်းအမြစ်က ပြောပါတယ်။
ကုန်ကားတွေကို အထက်ပါ ဂိတ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာ နှစ်ပတ်လောက် ရှိလာပြီဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပိတ်မိနေတဲ့ ကားတွေဟာ မရန်ကထောင်ကနေ ကောင်ရာ (နှစ်မိုင်ကျော်) လောက်အထိ ကားတွေ တန်းစီနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် နောက်ထပ်သတင်းအရင်းအမြစ် တစ်ဦးရဲ့ ပြောပြချက်အရ ခရီးသွားပြည်သူတွေကိုလည်း ဖမ်းဆီးသွားတယ်လို့ ကြားသိရပေမဲ့ အတိအကျတော့ မသိရှိရဘူးလို့ သိရပါတယ်။
မရန်ကထောင်စစ်ကောင်စီဂိတ်စခန်းမှာ စစ်ကောင်စီတပ်သားအင်အား ၆၀ ထက်မနည်း ရှိနိုင်တယ်လို့လည်း ကြားသိရပါတယ်။
မြစ်ကြီးနား- နမ္မတီး-လဝါးလမ်းပေါ်က မရန်ကထောင် စစ်ကောင်စီဂိတ်စခန်းမှာ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်က ပစ်ခတ်သံတွေ ကြားရပြီးတဲ့နောက်ပိုင်းကနေ ရွာအတွင်းက အိမ်ခြေများစုဟာ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး အစရှိတဲ့ မြို့တွေဘက် ထွက်ပြေးတိမ်းရှောင်သွားကြတာ ဖြစ်ပါတယ်။







