ဧပြီ၊၂၆
ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ မြို့သစ်ကျေးရွာ အနီးတစ်ဝိုက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
ယမန်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ သိမ်းယူပြီးသည့် မြို့သစ်နှင့် ဆီဟတ်ကြားရှိ တာဝါတိုင်စခန်းသို့ စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်ကာ လေယာဉ်ဖြင့် ဧပြီ(၂၄)ရက်နေ့က စတင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့တွင်လည်း အပစ်မရပ်သေးဘဲ မြို့သစ်ကျေးရွာ အထက်ပိုင်းတွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနသတင်းဂျာနယ်သို့ ပြောသည်။
“မနေ့က ပစ်တဲ့ တာဝါတိုင်ဘက်မှာရော ဆက်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေ သေးတယ်။ မနေ့ကနေ မငြိမ်သေးဘူး ပစ်တာ။ ဒီနေ့ရော အပစ်မရပ်သေးဘူး။ ရွာသားတွေတော့ အကုန်ပြေးကုန်ပြီ”ဟု ၎င်းက ဆိုသည်။
ထို့သို့ ပစ်ခတ်မှုများကြောင့် နေအိမ်များ မီးလောင် ပျက်စီးမှုများရှိနေပြီး ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ လက်ရှိအချိန်ထိ ထွက်ပြေးနေရကြောင်းလည်း သိရသည်။
လက်ရှိ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ(၅)အောက် တပ်ရင်း(၂၅)နှင့် အာဏာသိမ်းတပ် တပ်မ(၈၈)တို့ တိုက်ပွဲ ဖြစ်နေသည်မှာ (၃)ရက် ဆက်တိုက် ရှိပြီ ဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။







