ဧပြီ၊၁
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဂျန်မိုင်ရွာ ကုန်တင်ယာဉ်ရပ်နားတဲ့နေရာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားယာဉ်မောင်း ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒီကနေ့မနက် အစောပိုင်း ၁ နာရီလောက်မှာ စစ်ကောင်စီတပ်ရဲ့ Y12 အမျိုးအစားလေယာဉ်နဲ့ ဗုံးသုံးလုံးလာကြဲသွားပြီး အရပ်သား သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ကနေ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အထက်ပါနေရာအနီးအနားမှာ KIA တပ်စခန်းနဲ့ တပ်သားတွေ မရှိတဲ့အပြင် တိုက်ပွဲလည်း ဖြစ်ပွားတာမရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
” အဲဒီမှာက KIA ဘက်က တပ်သားတွေ မရှိဘူး။ တိုက်ပွဲလည်း မရှိဘူး။ တပ်လည်း မရှိဘူး။ ပြည်သူတွေပဲ နေတဲ့နေရာဖြစ်တယ်“လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အဲဒီ ဂျန်မိုင်ရွာဟာ စိန်လုံသွားတဲ့ လမ်းပေါ်မှာ တည်ရှိပြီး ဒီကနေ့မနက် ၇ နာရီခွဲလောက်မှာ စစ်ကောင်စီရဲ့ စိန်လုံတောင်တပ်စခန်းကြီးကို KIA ကနေ သိမ်းပိုက်ခဲ့ပါတယ်။







