မတ်လ ၆ ရက်နေ့ညနေပိုင်းက မြစ်ကြီးနားတကသိုလ်ရှေ့ ဝန်းရံသည့် လူထုကို ဖြိုခွင်းချိန်တွင် စီတာပူစျေးအနီးနေအိမ်ရှိ မိန်းကလေးငယ် တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
အဆိုပါ မိန်းကလေးငယ်သည် စီတာပူရပ်ကွက် ၅ စျေးအနီးတွင် နေထိုင်သူ မဆိုင်းနန် အသက် ၁၇ နှစ် အရွယ်
ဖြစ်ပြီး အဆိုပါ မိန်းကလေးငယ် ဖမ်းဆီးခံရ ဖြစ်စဉ်ကို ၎င်း၏ မိခင် ဒေါ်ရွယ်လွမ့် က ရှင်းပြပြောဆိုသည်။
“သူက ကလေးဆိုတော့ ထွက်ကြည့်တာ ရဲတွေအောက်ကို ဆင်းလာပြီဆိုတော့လေ အိမ်ပြန်လာတဲ့ထဲမှာမှ ဖြစ်ချင်တော့ ကျွန်မတို့ အိမ်ဝင်းက လမ်းနဲ့ဒုတိယ လမ်းမှာ ကျတာ သူတို့သားအဖတွေက အိမ်ထဲကို ပြေးဝင်လာတဲ့ အချိန်မှာပဲ ရဲတွေက လိုက်လာတော့ သမီးက သင်္ချိုင်းကုန်းထဲမှာ ဝင်ပြီးမှ ပုန်းနေတာ ကျွန်မတို့က သမီးကို ဖမ်းသွားမှန်းလည်း မသိဘူး ကျွန်မက မတွေ့လိုက်ဘူး ကလေးတွေက သင်္ချိုင်းဘက်မှာ ပြေးသွားပြီဆိုတော့ ရှိများရှိနေမလားဆိုပြီး ခနကြာမှာ သွားခေါ်တော့ မရှိဘူး အရှေ့က ဝန်းဘက်ကို သွားလိုက်တော့ ဆိုင်းနန်ပါသွားပြီ ဆိုင်းနန်ကို ရိုက်လဲရိုက်တယ် ခေါ်သွားပြီဆိုပြီးမှ အဲလိုမျိုးပြောတယ် “ဟု ဆိုသည်။
လက်ရှိ မိန်းကလေးငယ်အား တိုင်းတွင်ထိန်းသိမ်းထားကြောင်း နှင့် မိသားစုဝင်များမှ PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ များနှင့်လည်း အချိတ်အဆက်ပြုလုပ်နေကြောင်း ၎င်း၏ မိခင်က ဆက်လက်ပြောသည်။
“ခနကတော့ သူတို့တိုင်းထဲမှာ ရှိနေပါတယ်ဆိုပြီးမှ သူတို့ကို စောင့်တဲ့ ရဲထင်တယ် အကြောင်းကြားလာတယ် ဘာမှတော့ မဖြစ်ဘူးနော် ကောင်းကောင်းမွန်မွန်ထားထားပေးတယ်လို့တော့ ပြောလာတယ် အဲလိုမျိုး ကျွန်မတို့ PCG တွေနဲ့ရော လူကြီးတွေနဲ့ရော ပြောထားပါတယ်။”ဟု ၎င်း၏ မိခင်ကပြောသည်။
မတ်လ ၆ ရက်နေ့ညနေပိုင်းက မြစ်ကြီးနားတက္ကသိုလ်အတွင်းသို့ ရဲနှင့်တပ်သားများ လာရောက်ဝိုင်းထားသည့်အတွက် ကြည်သူလူထုက လာရောက်ဝန်းရံချိန် ဖြိုခွင်းခံခဲ့ခြင်းဖြစ်သည်။







