မြစ်ကြီးနားမြို့တွင် တစ်ရက်လျှင် အမှိုက်တန်ချိန် (၁၅၀)ထွက်ရှိ

989

စက်တင်ဘာလ ၄

မြစ်ကြီးနားမြို့နယ် အတွင်း တစ်ရက်လျှင် အမှိုက်တန်ချိန်ပေါင်း (၁၅၀)ထွက်ရှိနေကြောင်း မြစ်ကြီးနားမြို့ စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ယင်းသို့ ထွက်ရှိနေခြင်းကြောင့် တစ်လလျှင် (၄၅၀၀)တန်၊ တစ်နှစ်လျှင် အမှိုက် တန်ချိန်ပေါင်း (၅၄၀၀၀) ထွက်ရှိနေသည်ဟု ခန့်မှန်းတွက်ချက်နိုင်သည်။

မြို့တွင်း စွန့်ပစ်သည့် အမှိုက်များကို လိုက်လံသိမ်းဆည်းရာတွင် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အမှိုက်သိမ်းစည်းနိုင်မှု (၇၀)ရာခိုင်နှုန်းထိ လုပ်ဆောင်နိုင်သည်ဟု မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သန့်ရှင်းရေးတာဝန်ခံ ဒုဦးစီးမှူး ဦးအောင်နေစိုးက မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။

“ကျန်တဲ့ (၃၀)ရာခိုင်နှုန်းက အမှိုက်သိမ်းယဉ် ထပ်မံလိုအပ်တာတွေ ရှိတယ်။ လူထုက များလာတော့ ရှိတဲ့ဟာတွေနဲ့ လုပ်ဆောင်နေတာ။ တစ်ရပ်ကွက်ကိုတစ်စီးနှုန်းနဲ့ဆိုရင်တော့ (၁၀၀)ရာခိုင်နှုန်းသိမ်းနိုင်မှာပေါ့။ နောက်ပြီးတော့ ပြည်သူတွေလည်း အမှိုက်ပစ်တဲ့နေရာမှာ စည်းကမ်းတကျ မပစ်တာတွေကြောင့်လည်း ပါတာပေါ့”ဟု ဦးအောင်နေစိုးက ဆိုသည်။

မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် နေ့စဉ် အမှိုက်တန်ချိန်(၆)တန် ဆံ့သည့် အမှိုက်သိမ်းယာဉ် (၄)စီးဖြင့် (၈)ကြိမ်၊ (၄)တန်ဆံ့ယာဉ်(၁၄)စီးဖြင့် (၂၄)ကြိမ်၊ (၃)တန်ဆံ့ ွှညေု ခမေမငနမ (၃)စီးဖြင့် (၆)ကြိမ်နှင့် စုစုပေါင်းအမှိုက်သိမ်းယာဉ် (၁၉)စီးဖြင့် တစ်ရက်လျှင် (၃၈)ကြိမ် အမှိုက် သိမ်းဆည်းနေပြီး ကယ်ဆယ်ရေးစခန်းများနှင့် စစ်ရှောင်စခန်းများတွင်လည်း တစ်လလျှင် (၂)ကြိမ်အလှည့်ကျ အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ပြည်သူများ အနေဖြင့် အမှိုက်ယာဉ်ပေါ်တွင် စွန့်ပစ်နိုင်ရန်အတွက် မြို့သစ်ရပ်ကွက် ဧရာရုပ်ရှင်အမှိုက်ကန်တွင် (၂၄)နာရီအမှိုက်စွန့်ပစ်နိုင်ရုံသာမက စီတာပူရပ်ကွက် မနောင်ဥယျာဉ်ပတ်လမ်း တွင်လည်း နေ့စဉ် နံနက် (၆)နာရီမှ ညနေ (၅)နာရီအထိ အမှိုက်သိမ်းယာဉ်ရပ်နားပေးလျက်ရှိပြီး ယာဉ်ပေါ်သို့ စနစ်တကျ စွန့်ပစ်နိုင်ကြောင်းနှင့် စည်းကမ်းမဲ့ စွန့်ပစ်မှုမရှိစေရန်အတွက် မိမိအိမ်ရှေ့သို့ အမှိုက်သိမ်းယာဉ် ရောက်ရှိချိန် စနစ်တကျ စွန့်ပစ်ခြင်းဖြင့် ပတ်ဝန်းကျင်နှင့် မြို့ကို သန့်ရှင်းသပ်ရပ်အောင် ကူညီဆောင်ရွက်စေလိုကြောင်း ဦးအောင်နေစိုးက တိုက်တွန်းပြောကြားသည်။

“သတ်မှတ်ထားတဲ့နေရာလေးမှာ ပစ်ပေးဖို့၊ အမှိုက်သိမ်းယာဉ်လာတဲ့ အချိန်လည်း အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိတဲ့ အမှိုက်တွေကို စနစ်တကျထုပ်ပိုးပြီးမှ ပစ်ပေးစေချင်တယ်။ အခုကတော့ အရင်ကထက်စာရင် နည်းနည်းတော့ သန့်ရှင်းလာတယ်လို့ မြင်တယ်။ စည်းကမ်းအတိုင်း သတ်မှတ်ထားတဲ့နေရာကို ပစ်ပေးဖို့ရယ်၊ အမှိုက်ကို စည်းကမ်းတကျပစ်ဖို့ပဲ အဓိက အသိပေးချင်တဲ့ အကြောင်းအရာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

နေ့စဉ် အမှိုက်သိမ်းယာဉ်ဖြင့် (ပြည်ထောင်စုလမ်းမကြီး)ရှိ မြို့သစ်၊ ယုဇန၊ မြေမြင့်၊ မြို့သစ်ကြီး၊ (ဆွမ်ပရာဘွမ်လမ်းမကြီး)ရှိ ရန်ကြီးအောင်၊ ဧရာ၊ ဒူကထောင်၊ သီတာ၊ တပ်ကုန်း၊ (ရုံးကြီးလမ်း)ရှိဧရာ၊ သီတာ၊ (သခင်နက်ဖေလမ်း) ရှိ အောင်နန်း၊ ရှမ်းစုတောင်၊ ရှမ်းစုမြောက်၊ မင်းရပ်၊ မြို့မ၊ ဧရာ၊ သီတာ စသည့်ရပ်ကွက်များနှင့် အစိုးရအဖွဲ့ရုံးများတွင် သိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။

ဒါ့အပြင် (အောင်ဆန်းလမ်း)ရှိ ကျွန်းပင်သာရပ်ကွက်မှ သီတာဘုရားကျောင်းထိကို နံနက်(၇)နာရီမှ (၁၀)နာရီအချိန်အတွင်း (ဇော်ဂျွန်းလမ်း)စည်ပင်ရုံးထိပ်မှ ကျွန်းပင်သာ ရပ်ကွက်ထိ၊ စီတာပူရပ်ကွက် ကမ်းနားလမ်းနှင့် အထက(၁)နှင့် အထက(၉)တို့တွင်လည်း တစ်ရက်ခြားအလှည့်ကျ အမှိုက်သိမ်းသည့် နည်းလမ်းများနှင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
မြို့ပြတစ်ခုတွင် အမှိုက်ပစ်သည့် နည်းလမ်းမမှန်လျှင် စိုက်ပျိုးရေးအတွက် ထိခိုက်လာနိုင်ကြောင်း၊ လမ်းပိုက်လိုင်းများ စနစ်တကျ ဖောက်လုပ်ခြင်းများ မရှိပါက အမှိုက်များ စုပုံလာလျှင် အဆိပ်အတောက် ဖြစ်လာပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်လာနိုင်သည့်အပြင် လေထုညစ်ညမ်းမှုများ ဖြစ်လာကြောင်း၊ အမှိုက်သည် စိုးရိမ်ရသည့်အရာဖြစ်ကြောင်းနှင့် ပြည်သူများ စည်းကမ်းတကျ အမှိုက်ပစ်လာစေရန် အတွက်လည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့(KDNG)မှ အထွေထွေအတွင်းရေးမှူး ဦးစားဂျီက သုံးသပ်ပြောဆိုသည်။

“ပြည်သူတွေမလိုက်နာဘူးဆိုတာ ပြည်သူတွေ အမှိုက်ကို နည်းစနစ်ကျ ပစ်တတ်တဲ့ ယဉ်ကျေးမှု မရှိတာ အကျင့်ဟုတ်တယ်။ ဘာလို့လဲဆိုတော့ တရားဥပဒေစိုးမိုးမှုနဲ့ အကျိုးသက်ရောက်မှုကို ဦးဆောင်တဲ့အခါ ထိရောက်မှုမရှိတာ။ အခုတော့ စတစ်ကာနဲ့ ကြေညာပြီး အမှိုက်ပစ်တတ်အောင် ကြိုးစားနေကြတာပဲ။ ပြည်သူဆိုတာ အစိုးရကနေ တကယ်ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမရှိရင် ဘယ်တော့မှ မလိုက်နာဘူး။ အရေးယူဆောင်ရွက်တဲ့အချိန် ဥပဒေစိုးမိုးရေးမရှိရင်တော့ အကျိုးသက်ရောက်မှု မရှိပြန်ဘူး”ဟု ဦးစားဂျီက ထောက်ပြသည်။

မြစ်ကြီးနားမြို့နယ်၏ မြို့အကျယ်အဝန်းသည် (၄၁.၆၉)စတုရန်းမိုင်ရှိပြီး အိမ်ခြေပေါင်း(၃) သောင်းကျော်နှင့် လူဦးရေ(၂)သိန်းကျော် နေထိုင်လျက်ရှိသည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here