မြစ်ကြီးနားမြို့တွင် အဖွဲ့အစည်းတစ်ခုဟုဆိုကာ လုပ်ငန်းရှင်အချို့ထံ ခြိမ်းခြောက် ငွေတောင်းလျက်ရှိပြီး KIA မှ မိမိတို့ တောင်းခံခြင်း မဟုတ်ဟုဆို

683

ဖေဖော်ဝါရီ၊၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းရှိ လုပ်ငန်းရှင်အချို့ထံ အမည်မသိ အဖွဲ့အစည်းတစ်ခုမှ ခြိမ်းခြောက်ပြီး Kpay၊ Wave Moneyများဖြင့် ငွေလိုက်လံတောင်းခံနေသည့် အပေါ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် PDF(Kachin) တို့ လုံးဝ မဟုတ်ကြောင်း မြစ်ကြီးနားခရိုင်၊ KIAတပ်ရင်း(၁၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ မြစ်ကြီးနားမြို့ပေါ်က လုပ်ငန်းရှင်အချို့ထံ လူအချို့က ဖုန်းဆက်ကာ ‌Wave Money၊ Kpayမှ တဆင့် ငွေလွှဲခိုင်းပြီး မလွှဲပေးပါက မိုင်းခွဲမည်ဟု ခြိမ်းခြောက် ပြောဆိုမှုများသည် မိမိတို့ အဖွဲ့အစည်းအနေဖြင့် လုံးဝမဟုတ်ကြောင်းKIAတာဝန်ရှိသူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“တချို့လုပ်ငန်းရှင်တွေကို အကူအညီလိုက်တောင်းပြီး မပေးရင် မိုင်းခွဲမယ်ဆိုပြီးမှ လိုက်ခြိမ်းခြောက်နေတယ်။ သူတို့က Wave Moneyတွေနဲ့ လိုက်တောင်းကြတာပေါ့။ မြစ်ကြီးနားခရိုင်အတွင်း ကျွန်တော်တို့ ဒီလို လုံးဝမလုပ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ Wave Moneyလိုမျိုးနဲ့ အခွန်ကောက်တာ လုံးဝ မရှိပါဘူး။ ကချင်PDFတွေနဲ့ လုံးဝ မဟုတ်ဘူး ဆိုတာကျွန်တော် အာမခံပါတယ်။ ညှိနှိုင်းဆောင်ရွက်မှုတွေ အမြဲရှိပါတယ်။ Wave money ၊ Kpayတွေနဲ့ ငွေလွှဲတယ်ဆိုရင် ကျွန်တော်တို့ အဖွဲ့အစည်း လုံးဝမဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

လိုက်လံ ခြိမ်းခြောက်‌တောင်းခံနေသူများသည် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ပြောဆိုပြီး တောင်းခံငွေ မပေးပါက မိုင်းခွဲမည်ဟု ဆိုကာ ချိန်ကိုက်ဗုံးတပ်ဆင်ထားသည့် ဗီဒီယိုဖိုင်ကို ပေးပို့သည်ဟု တောင်းခံရသူ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“မြစ်ကြီးနားမှာရှိတဲ့ အဖွဲ့အစည်းတစ်ခုလို့တော့ ပြောပါတယ်။ ချိန်ကိုက်ဗုံးနဲ့ အသံနဲ့ အတွဲလိုက်ပါတဲ့ Videoဖိုင်တစ်ခုကို ပို့ပြီး ငွေလွှဲခိုင်းတယ်။ မပေးရင် ဗုံးလာခွဲမယ်လို့ ခြိမ်းခြောက်ထားတယ်”ဟု ၎င်းက ပြောသည်။

KOA/KIA အသွင်ဆောင်ကာ ၎င်းတို့ဆီ ဖုန်းနံပါတ် 09673828266၊ 09676174600 များဖြင့် ဖုန်းဆက် ငွေတောင်းခံလာကြောင်း ငွေတောင်းခံရသည့် အခြားလုပ်ငန်းရှင် တစ်ဦးကလည်း ပြောသည်။

“လူလိမ်လူညာတွေက အခွန်အကောက်လာထည့်ဖို့ KIA/KIO ပုံစံနဲ့ ဖုန်းနံပါတ်ပေးလာတယ်။ သူတို့အဲဒီလိုဆက်သွယ်လာလို့ ပြန်ဆက်သွယ်ကြည့်တော့ Wave pay, Kpay နဲ့လွဲခိုင်းတယ်”ဟု ၎င်းက ဆိုသည်။

KIO မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးရုံး၏ ညွန်ကြားချက်အရ မြစ်ကြီးနားမြို့နယ်အတွင်း လုပ်ငန်းရှင်များကို အခွန်ပိုင်းဆိုင်ရာညှိနှိုင်းရာတွင် ခြိမ်းခြောက်ခြင်း အတင်းအဓ္မမ မတရားတောင်းခံခြင်း မပြုလုပ်ကြောင်း KIAတာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

Kpay Wave money စနစ်ဖြင့်လွဲခိုင်းခြင်း လုံးဝမပြုကြောင်းနှင့် ဘောက်ချာ ဖြတ်ပေးခြင်းဖြင့်သာ ငွေသားလက်ခံကြောင်းလည်း သိရပြီး ယခုကောက်ခံနေသည့် ဘောက်ချာသည် KIO/KIA ၏ ဘောက်ချာ မဟုတ်ကြောင်းလည်း ဆိုသည်။

Voucher ဖြတ်ပေးခြင်းမရှိပါက အခွန်ပေးသွင်းခြင်းမပြုပါရန် အများပြည်သူကို အသိပေးလိုကြောင်းလည်း KIAတာဝန်ရှိသူက ဆိုသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here