မြစ်ကြီးနား၊ သြဂုတ် ၁၀
၂၀၂၀ ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် စစ်ဘေးရှောင်ပြည်သူ (၅)ထောင်ကျော်ရှိကြောင်း မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲအရာရှိ ဒေါ်ဝင်းသီတာအောင်ထံမှ သိရသည်။
မြစ်ကြီးနားမြို့နယ် စစ်ရှောင်ပြည်သူ လူဦးရေ (၉)ထောင်ကျော် နေထိုင်ကြသည့်အနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅)ထောင်ကျော်မဲပေးခွင့်ရှိနေခြင်း ဖြစ်သည်။
ကချင်ပြည်နယ် အတွင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁) သိန်းကျော်ရှိနေပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် (၁၈)နှစ်ပြည့်ခဲ့သည့်အတွက် ပထမဦးဆုံးအကြိမ် မဲပေးခွင့်ရရှိသူ (၁)သိန်းကျော် ရှိနေသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လတွင် တပ်မတော်နှင့်ကေအိုင်အိုတို့ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ရှိသည်။
၂၀၂၀ ခုနှစ် အထွေထွေ ပါတီစုံရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ(၈)ရက်နေ့မှာပဲ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။
မျိုးမြတ်မြတ်ပန်







