မြစ်ကြီးနားမြို့အတွင်း အခြေခံ စားသောက်ကုန်များ ဈေးမြင့်တက်

865

မြစ်ကြီးနား၊ စက်တင်ဘာ ၈

မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ဆဒုံး-ကန်ပိုက်တည်လမ်း ပျက်စီးနေသည့်အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကာလ ဖြစ်သောကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်လျက်ရှိနေပြီး မြစ်ကြီးနားမြို့အတွင်း အခြေခံစားသောက်ကုန်များ ဈေးနှုန်း မြင့်တက်လျက်ရှိသည်။

အခြေခံ စားသောက်ကုန်တွေရဲ့ အဓိက အမယ်ဖြစ်တဲ့ ခရမ်းချဉ်သီး(၁)ပိဿာလျှင် (၂၅၀၀) ကျပ်အထိ မြင့်တက်လျက်ရှိပြီး ကြက်သွန်ဖြူ/နီ စသည့် ကုန်စမ်းတွေလည်း ဈေးမြင့်တက်လျက်ရှိကြောင်း ရမ်ပူရပ်ကွက်နေ ကုန်စိမ်းဈေးသည် ဒေါ်ဋ္ဌေးဋ္ဌေးက ပြောသည်။

“ခရမ်းချဉ်သီးတွေက အောက်ပိုင်းသီးတွေ တက်တယ်။ တရုတ်သီးတွေက အခုက မရောက်ဘူး။ ပစ္စည်းပျက်နေတာ။ ကားမဝင်တော့ မရှိဘူး။ ပြောတယ်။ တရုတ်ဘက်က ကုန်တွေက မန်းလေးဘက်ကနေ ပတ်ပြီးဝင်တော့ တက်တယ်။ အခုဒီနှစ်ကတော့ အောက်ပိုင်း ခရမ်းချဉ်သီးတွေ ဈေးတက်တာက ဟိုဘက်မှာ စိုက်တာအဆင်မပြေလို့ လို့တော့ ပြောတယ်။ တစ်လလောက်အတွင်းကို ဈေးတွေက တက်သွားတာ”ဟု ဒေါ်ဋ္ဌေးဋ္ဌေးက ရှင်းပြသည်။

လက်ရှိအချိန်တွင် ကုန်စည်သယ်လမ်း ပိတ်ဆို့နေတာကြောင့် လိုင်ဇာ၊ ဗန်းမော်နှင့် မန္တလေးတိုင်းဘက်မှ သယ်ယူ ပို့ဆောင်နေရသဖြင့် အောက်ပိုင်းကုန်များ အဝင်များသောကြောင့် လမ်းခရီးစရိတ် ပိုမိုသည့်အတွက် ဈေးများတက်နေကြောင်းလည်း ကုန်သည်များက ဆိုသည်။

“အရင်ကကျတော့ မနက်ခင်းပစ္စည်း ဝယ်ထားရင် နောက်မနက် ပစ္စည်းသွားသယ်တယ် ဆိုရင် ပစ္စည်းက လတ်တယ်လေနော့်။ အခုက ကားကြီးတွေနဲ့ ကျတော့ သူတို့ကလည်း ဘယ်နှစ်ရက်က ဝယ်ထားတဲ့ ပစ္စည်းမှန်းမသိဘူး။ လာတာလည်း ဘယ်နှစ်ရက် ကြာမှန်းမသိဘူး။ အဲ့ဒီတော့ သိပ်အဆင်မပြေဘူး။ အခုက ကန်ပိုင်တည်လမ်း ပွင့်တော့ပွင့်ပြီ၊ ဒါပေမယ့် လမ်းအရမ်း ဆိုးသေးတယ်တဲ့။ ခါတိုင်းဆိုရင် ဆေးစစ်ပြီးရင် တောက်လျှောက် ပစ္စည်းသယ်လို့ရတယ်။ အခုကျတော့မရဘူး”ဟု ကုန်သည် ဒေါ်ဦးက ဆိုသည်။

ယင်းအပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကာလဖြစ်သည့်အတွက် ဈေးအရောင်းအဝယ်ပါးကြောင်း၊ တစ်နေကုန်ဈေး မရောင်းရသည့် အတွက် အခက်အခဲများစွာရှိနေသည်ဟုလည်း သိရသည်။

“ကိုဗစ်ကာလ အတွင်းတော့ အန်တီတို့လည်း အရောင်းအဝယ်တော့ ပါးတာပေါ့။ ဘာကြောင့်ဆို ဈေးသည်တွေက တစ်နေကုန်မှ ဈေးမရောင်းရတာ။ တစ်နေကုန် ဈေးမဖွင့်တဲ့အတွက် ဘာပြောပြော မရောင်းရဘူးလေ။ အန်တီတို့ကကျတော့ အဝေးပို့ များတာကို အဲ့ဒီတော့ ဈေးတွေက ကသောင်းကနင်း ဖြစ်တော့ အရောင်းပါးတာပေါ့။ အရောင်းပါးတော့ ပို့လိုက်ပြီဆိုရင် အကြွေးများနေတာ။ သူတို့ကလည်း အရောင်းပါးတော့ ငွေက မလာကျသေးဘူး”ဟုလည်း ဒေါ်ဦးက အခက်အခဲကို ဆက်လက်ရှင်းပြသည်။

တချို့ကုန်စိမ်းများမှာလည်း ဝယ်ရင်းဈေးများပြီး ပြန်လည်ရောင်းချသည့်အမြတ်အစွန်း မရရှိတော့ သဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရသည်။

“အရင်းတွေတောင် ပြုတ်လို့ အဖွားတို့ကတော့ ဈေးရောင်း မကောင်းဘူး။ တစ်ခါဝယ်ထားရင် မကောင်းတော့လို့ရှိရင် ပုပ်ပြီး ပစ်လိုက်ရတယ်။ ရောဂါစဖြစ်ကတည်းက ဈေးရောင်းပါးတယ်။ ဝယ်ရတဲ့အရင်းက ဈေးများပြီး ပြန်ရောင်းတော့ မရောင်းရ အဲ့လိုဖြစ်တာပေါ့”ဟု ကုန်စိမ်းသည် ဒေါ်မရစ်ကော့က ဆိုသည်။

ယင်းအပြင် ကုန်စည်များ အရောင်းအဝယ် ပြုလုပ်နေသည့် ကုန်သည် ဒေါ်တူးတူးကလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်သယ်ဆောင်သည့်အခါ လမ်းစရိတ်များ အရင်ကထက် ပိုမိုကုန်ကျလျက်ရှိသည်ဟုလည်း လက်ရှိအခြေအနေကို ပြောပြသည်။

“အန်တီတို့ နယ်စပ်ကတော့ တရုတ်က ရွှေဆို အန်တီတို့လည်း လိုက်ရွှေရတာပေါ့။ ကုန်စည်တွေကတော့ လမ်းပန်းဆက်သွယ်ရေး ခက်တာပေါ့။ အခု ကုန်စည်တွေ တော်တော်များများက လိုင်ဇာဘက်က ပတ်တင်ရတာလေ။ လွယ်ဂျယ်ဘက်ကဆိုတော့ လမ်းစရိတ်က ပိုကျတာပေါ့”ဟု ဒေါ်တူးတူးက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်း ပြန်လည်ဖြစ်ပွားနေသည့်အပြင် ကားလမ်း၊ မီးရထားလမ်း၊ လေကြောင်းလိုင်းများကို ပိတ်သိမ်းခဲ့မည်ဆိုပါက ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားနိုင်သည့်အပြင် ပြည်နယ်အတွင်း ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ကြောင်းလည်း CHANGE Business and Sharing မှ စီးပွားရေး အတိုင်ပင်ခံ ကိုခွန်မြတ်မင်းအောင်က သုံးသပ်ပြောဆိုသည်။

“ကားဂိတ်တွေလည်း ပိတ်မယ်။ ရထားလမ်းလည်း သွားတာ လျော့သွားမယ်ဆိုရင် တက်လာနိုင်တယ်။ ကန်ပိုက်တည် လမ်းကလည်း မကောင်းသေးဘူးလေ။ အခြေခံကုန်ဈေးတွေ တက်လာမှာ သေချာတယ်”ဟု ကိုခွန်မြတ်မင်းအောင်က ပြောသည်။

ကချင်ပြည်နယ်သည် အခြားဒေသနှင့် တရုတ်နိုင်ငံမှ ကုန်များကို အဓိကထား ဝယ်ယူသုံးစွဲနေရသည့် ပြည်နယ်တစ်ခုဖြစ်သည့် အတွက် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားလျှင် ကုန်ဈေးနှုန်းများ အချိန်တိုအတွင်း ဈေးတက်သွားနိုင်သည်ဟုလည်း ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

စည်သူ(မြစ်ကြီးနား)၊Ann

LEAVE A REPLY

Please enter your comment!
Please enter your name here