မြစ်ကြီးနားသတင်းဂျာနယ်နှင့် သခင်စစ်ကုမ္ပဏီတို့ အပြန်အလှန် တရားစွဲဆိုထားသည့် လက်ရှိအမှု အခြေအနေ

1879

နိုဝင်ဘာ ၁၁

မြစ်ကြီးနားသတင်းဂျာနယ်နှင့် သခင်စစ်ကုမ္ပဏီတို့ အပြန်အလှန်တရားစွဲဆိုထားသည့်အမှုမှာ ရုံးချိန်းပေါင်း ၃၀ ချိန်းအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားသတင်းဂျာနယ်မှ သခင်စစ်ကုမ္ပဏီကို စွဲဆိုထားသည့် အမှုတွင် သတင်းထောက် မွန်းမွန်းပန်ကို စတင်စစ်ဆေးလျက်ရှိနေပြီး မမွန်းမွန်းပန်မှ အမှုဖြစ်စဉ်က ဖမ်းယူထားခဲ့သည့် (စ/ဆုံး) အသံဖိုင်ကို သက်သေအဖြစ်တင်သွင်းထားကာ ယင်းအသံဖိုင်ကို တရားရုံး၏ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ဘာသာပြန်ဆိုလျက်ရှိနေကြောင်း မြစ်ကြီးနားသတင်းဂျာနယ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေ သည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းမှ ပြောသည်။

“မွန်းမွန်းပန်တို့ကို တိုင်ထားတဲ့အမှုက မွန်းမွန်းပန်ကို စစ်ဆေးနေဆဲ အဆင့်ပဲရှိပါသေးတယ်။ အသံဖိုင်မှာ ကချင်လိုပြောထားတာတွေကို တရားဝင်ဘာသာပြန်ဆိုချက်တွေ တင်ပြဖို့အတွက် ချိန်းထားတာဖြစ်တယ်။ ရိုးရာယဉ်ကျေးမှုကနေ တရားဝင်ဘာသာပြန်ဆိုချက် အဖြစ် မြန်မာစာပြန်ပေးရမှာ။ အဲဒါကို တရားရုံးမှာပြန်တင်ပြီးမှ မွန်းမွန်းပန်အမှုက ဆက်သွားမယ်”ဟု ဦးတင်ထွန်းသိန်းမှ ရှင်းပြသည်။

သတင်းထောက်မွန်းမွန်းပန် ရေးသားခဲ့သည့် သတင်းနှင့် ပတ်သက်ပြီး၊ သခင်စစ်သတ္တုတူးဖော်ရေး ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးဒိန်ဆောင်နှင့် ဝန်ထမ်းများက ဖော်ဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ကုမ္ပဏီရုံးသို့ ခေါ်ဆောင်ကာ သတင်းထောက် အမျိုးသမီးကိုဂျာနယ်ဖြင့် ပါးရိုက်ခြင်း၊ သတင်းထောက် အမျိုးသားအား ထိုင်ထလုပ်ခိုင်းခြင်းများ ပြုလုပ်စေခဲ့သည်။

ထို့ကြောင့် မမွန်းမွန်းပန်မှ တရားလိုပြုလုပ်ကာ ဝိုင်းမော်မြို့မရဲစခန်းတွင် ဦးဒိန်ဆောင်အပါအဝင် ၆ ဦးကို ပုဒ်မ ၃၅၄ ကာယိန္ဒြေပျက်စီးစေရန် လက်ရောက်ကျုးလွန်မှု၊ ပုဒ်မ ၂၉၄ ညစ်ညမ်းစွာပြောဆိုမှု၊ ပုဒ်မ ၃၄၁ မတရားတားဆီးကန့်ကွက်မှု၊ ပုဒ်မ ၃၂၃ မိမိအလိုအလျောက် နာကျင်စေမှု၊ ပုဒ်မ ၁၁၄ ပြစ်မှု ကျူးလွန်ရာတွင် အားပေးကူညီမှု၊ စသည့် ပုဒ်မများဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဦးဒိန်ဆောင် ဘက်မှလည်း မြစ်ကြီးနားသတင်းဂျာနယ်မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထွက် အတွဲ(၆)၊အမှတ်(၇)၊ စာမျက်နှာ(၁၂) ဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်နှင့်ပတ်သက်ပြီး ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟုဆိုကာ၊ သခင်စစ်သတ္တုတူးဖော်ရေးကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးဒိန်ဆောင်မှ မြစ်ကြီးနားသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် နှစ်ဦးနှင့် သတင်းရေးသားသူကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၀ ဖြင့် အရေးယူပေးရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။

ဂျာနယ် စာမျက်နှာတွင် “မန်ဒေါင် ကျေးရွာအုပ်စုတွင် တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးသည့် ကုမ္ပဏီနှစ်ခု ဝင်ရောက်လုပ်ကိုင်နေ”ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် ဖော်ပြရေးသားခဲ့ရာ သခင်စစ်ကုမ္ပဏီ နှင့် ဦးဒိန်ဆောင်တို့အတွက် ဂုဏ်သိက္ခာကျဆင်းသည့် အရေးအသားဖြစ်သည်ဟု မှတ်ယူပြီး အမှုဆောင်အရာရှိချုပ်(၁)ဦးဘရန်မိုင်၊ အမှုဆောင်အရာရှိချုပ်(၂) ဦး
ဇော်ခွန်းနှင့် သတင်းရေးသားသူ မမွန်းမွန်းပန်တို့ကို မတ်လ ၄ ရက်နေ့က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဦးဒိန်ဆောင်တိုင်ကြားခဲ့သည့်အမှုတွင် တရားလိုကို စစ်ဆေးပြီးစီးခဲ့ပြီးဖြစ်ပြီး၊ တရားလိုပြသက်သေ ၂၀ ကျော်တင်သွင်းထားကာ သုံးပုံနှစ်ပုံခန့် စစ်ဆေးပြီးစီးခဲ့ပြီဖြစ်ကြောင်း ဦးတင်ထွန်းသိန်းမှ ပြောသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here