ဇွန် ၄

မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအိုလမ်းတွင် လမ်းတာချဲ့ခြင်းနှင့် ကျောက်လမ်းခင်းခြင်း လုပ်ငန်း မပြီးစီးသေးသဖြင့် မိုးရာသီမရောက်မီ အပြီးဆောင်ရွက်ပေးရန် အစီအစဉ်နှင့်ပတ်သက်ပြီး ဆွမ်ပရာဘွမ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဒွဲက ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့သည်။
“ယခုအချိန်မှာ မိုးတွင်းကာလ ရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့် ကျန်ရှိနေသေးသည့် လမ်းပိုင်းအား အမြန်ဆုံး ဆောင်ရွက်ပေးပါက မိုးရာသီတွင် ပူတာအိုခရိုင်အတွင်းရှိ ပြည်သူလူထုများ သွားလာရေး ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး အစစအရာရာ နှောင့်နှေးလာသည့်အတွက် အမြန်ဆုံးဆောင်ရွက်ပေးဖို့ စီစဉ်ထားခြင်း ရှိမရှိကို မေးမြန်းရခြင်းဖြစ်ပါတယ်”ဟု ဦးဇော်ဒွဲကတင်ပြသည်။

အဆိုပါလမ်း လမ်းတံတား အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ၂၀၁၇- ၁၈ ခုနှစ် ဘဏ္ဍာနှစ်တွင် တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ မနောဧရာကုမ္ပဏီမှ ၁၂၇ ဒသမ ၈၅ မီတာအပြင် ၁၃၃ ဒသမ ၈၅ ကီလိုမီတာအတွင်းမှ ၆ ကီလိုမီတာကို ၁၂ ဒသမ ၁၉ မီတာအကျယ်ရရှိရန် လမ်းတာချဲ့ခြင်း၊ ခွဲကျောက်ခင်းခြင်း၊ သဲကျောက်ကြိတ်ခြင်း လုပ်ငန်းများနှင့် အောက်စတားဂတ် ၅ စင်း ဆောက်လုပ်ခြင်း လုပ်ငန်းများကိုလည်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၁၇၈၉ ဒသမ၅၀၅ သန်းဖြင့် တင်ဒါရရှိပြီး လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မနောဧရာ ကုမ္ပဏီမှ ဆောင်ရွက်ခဲ့ရာ ယခုအခါ လမ်းချဲ့ခြင်းလုပ်ငန်းမှာ ၄ဒသမ၄၅ကီလိုမီတာ ခွဲကျောက်ခင်းပြီး အမာခံလမ်းခင်းသည့် လုပ်ငန်းမှာ ၄ ကီလိုမီတာ ပြီးစီးနေပြီဖြစ်ကာ လမ်းချဲ့ခြင်းလုပ်ငန်း ၁ဒသမ ၅၅ ကီလိုမီတာ ခွဲကျောက်ခင်းခြင်း ၃ ကီလိုမီတာနှင့် အောက်စတားဂတ် ၁ စင်း တည်ဆောက်ရန် ကျန်ရှိနေကြောင်း၊ လမ်းချဲ့ရန် ကျန်ရှိသည့် ၁၂၇ ဒသမ၈၉ နှင့် ၁၃၃ ဒသမ ၈၅ ကီလိုမီတာအပိုင်း တောင်အမြင့်ပေ ၈၀မှ ပေ၁၂၀ အထိ မြင့်မားပြီး သဲကျောက်မြေအမျိုးအစားဖြစ်ခြင်း၊ တောင်ကမ်းပါးယံ မတ်စောက်ခြင်းတို့ကြောင့် ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်ရန် အခက်အခဲရှိနေသဖြင့် လုပ်ငန်းများ ရပ်နားခဲ့ခြင်းဖြစ်ကြောင်း လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနကိုယ်စား စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြန်လည်ဖြေကြားခဲ့သည်။

“ယခုအခါ လုပ်ငန်းပြီးစီးမှု မရှိသေးသည့် ဆောင်ရွက်ရန် ခက်ခဲသည့် သဲကျောက်တောင် လမ်းပိုင်းမှာ လမ်းဦးစီးဌာနနှင့် မနောဧရာကုမ္ပဏီတို့ ညှိနှိုင်းဆွေးနွေး အဖြေရှာဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တင်ဒါအောင်မြင်၍ လုပ်ငန်းပြီးစီး အောင်မြင်မှု မရှိသေးသည့် လုပ်ငန်းများ အမြန်ဆုံး ပြီးပြတ်အောင် ညွှန်ကြားဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားထားပါတယ်”ဟု ဦးကျော်ကျော်ဝင်းက ဖြေကြားပေးခဲ့သည်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအိုလမ်းသည် ယခင်က မိုးရာသီများတွင် လနှင့်ချီ ကြာမြင့်သည့် လမ်းများဖြစ်ပြီး ပွင့်လင်းရာသီများတွင် တစ်ပတ်ခန့်ကြာအောင် သွားရသည့်လမ်းပိုင်းများဖြစ်ကာ ယခင်အစိုးရလက်ထက် ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံ သွင်းကုန် ထုတ်ကုန်ဘဏ်မှ ချေးငွေများဖြင့် ဆောင်ရွက်မည်ဟု ပြောကြားပြီး အကောင်အထည် မဖော်ခဲ့သော လမ်းဖြစ်သည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here