မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာတွင် အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး ပေါ်ပေါ်တင်တင် ရောင်းဝယ်သုံးစွဲ၊ အသက်မပြည့်သေးသူများလည်း သုံးစွဲလာ

656
မြစ်ဆုံအထက်-တီယန်ဇွပ်ကျေးရွာ

ဧပြီ၊ ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာတွင် အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်မှု ပြုလုပ်နေသည့်အပြင် အသက်မပြည်သည့် လူငယ်များပါ သုံးစွဲလာနေကြပြီကြောင်း သိရသည်။

လက်ရှိအချိန် အသက်မပြည့်သည့်( အသက် ၁၈နှစ်)  မူးယစ်ဆေးဝါးသုံးစွဲသူ ပိုမို များပြားလာပြီး အယောက် (၂၀) ကျော် ရှိနိုင်ကြောင်း  ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အာဏာသိမ်းပြီးနောက်တော့ အရင်ကလို မဟုတ်တော့ဘူး။ ရောင်းတဲ့သူရော လွတ်လွတ်လပ်လပ် ရောင်းနေတယ်ဆိုတော့ အသက်မပြည့်ဘဲ သုံးတဲ့သူ များလာတယ် ပြောရမယ်။ အရင်ကတော့ ပုန်းလျှိုးကွယ်လျှိုး ရောင်းကြတာ။ အခုကတော့ မဟုတ်တော့ဘူးပေါ့။ သုံးတဲ့သူရော မရှက်မကြောက်တော့ဘူးပေါ့။ ရွာထဲမှာတော့ အသက်မပြည့် သုံးတာက (၂၀)ကျော်လောက်တော့ ရှိမယ်။ အသက်ပြည့် လူငယ်ပိုင်းကတော့ ပိုများတာပေါ့။ လူကြီးကတော့ အရမ်းများမယ်။ သုံးစွဲတဲ့သူ လူငယ်၊ လူကြီး အရမ်းများတယ်။ အများပိုင်း သုံးတာက ရာမ ဟုတ်တယ်။ ကလေးအချို့ဆို ထိုးသွင်းတဲ့ အထိ ဖြစ်လာပြီဟု ၎င်းက ဆိုသည်။

ကျေးရွာအနီး ဝန်းကျင်များတွင် မိုးကာတဲများ ဆောက်လုပ်ကာ ရောင်းဝယ် သုံးစွဲသူများ ပေါ်တင် ပြုလုပ်နေကြပြီး  နိုင်ငံရေး အခြေအနေအရ ကျောင်းပိတ်ထားချိန် ကာလ၌ အသက်(၁၄)နှစ်ဝန်းကျင်မှစပြီး မူးယစ်ဆေးဝါးသုံးစွဲသူ များလာသည်သာမက ရောင်းဝယ်သူများလည်း လွတ်လပ်စွာ ပြုလုပ်နေကြကြောင်း နောက်ထပ် ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

တီယန်ဇွပ်ကျေးရွာ

၁၄၁၅နှစ်တွေ ပါတယ်။ တော်တော်များတယ် သုံးတဲ့ သူတွေက။ အခြား အပြင်က လာတဲ့ သူတွေရော အသက်ပြည့်ပြီးတဲ့ သူ အများကြီး ရှိတယ်။ အလုပ်လာလုပ်တဲ့ သူတွေရောပဲ။ လွတ်လွတ်လပ်လပ်ကို ရောင်းဝယ် သုံးစွဲနေကြတာ။ အကြောက်အလန့်မရှိပဲ။ နိုင်ငံရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်တယ်။ ကလေးတွေလည်း ကျောင်းက မတက်တဲ့ အချိန်ဆိုတော့။ ပြီးတော့ ကုန်တင်၊ ကုန်ချပဲ လုပ်ကြတာ။ သူတို့ထက် အသက်ကြီးတဲ့သူတွနဲ့ ပေါင်းမိသွားတော့ အဲဒီလို ဖြစ်သွားတာဟု ၎င်းက ပြောသည်။

တာဝန်ရှိသူများ အနေဖြင့်လည်း မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်နေသူများကို တားဆီးပေးစေလိုကြောင်းလည်း ဒေသခံများက တောင်းဆိုသည်။ 

တီယန်ဇွပ်ကျေးရွာသည် မြစ်ဆုံအထက်ပိုင်းတွင် တည်ရှိပြီး အိမ်ခြေ(၂၀၀)ဝန်းကျင်နှင့် လူဦးရေ တစ်ထောင်ခန့် ရှိကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here