မြစ်ကြီးနား၊ သြဂုတ် ၁၉
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများကို ယခုနှစ်ကုန်အထိ လျှပ်စစ်ဓာတ်အား (၁၅၀) ယူနစ် ကင်းလွတ်ခွင့် ပေးလိုက်ပြီဖြစ်ကြောင်း သြဂုတ်လ(၁၈)ရက်က ထုတ်ပြန်စာ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကင်းလွှတ်ခွင့်ကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုမရှိရန် ဆက်လက် ထိန်းချုပ်ဆောင်ရွက်နေသည့်ကာလ ဖြစ်သည့်အတွက် သြဂုတ်လ(၁)ရက်နေ့ကစပြီး ဒီဇင်ဘာလ(၃၁) ရက်နေ့အထိ လစဉ်(၁၅၀) ယူနစ်ကို အခမဲ့သုံးစွဲခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားနေသည့် ကာလဖြစ်သည့်အတွက် ပြည်သူများ စီးပွားရေးအရ၊ စိတ်ဓာတ်ရေးရာအရ ကျပ်တည်းခြင်းများစွာ ရှိနေခြင်းကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဧပြီလက စပြီး ဓာတ်အားခ ကင်းလွှတ်ခွင့်ကို ပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူများအနေဖြင့် (၁၅၀) ယူနစ်အထိသာ သုံးစွဲလျှင် လျှပ်စစ်ဓာတ်အားခ အခမဲ့သုံးစွဲခွင့် ရရှိမည် ဖြစ်သော်လည်း လျှပ်စစ်ဓာတ်အား(၁၅၁)ယူနစ်နှင့် အထက် သုံးစွဲသူများသည် ယူနစ်(၁၅၀) အတွက် ဓာတ်အားခကျသင့်ငွေ (၁၁၅၅၀) ကင်းလွတ်ခွင့်(အခမဲ့) ရရှိမှာဖြစ်ပြီး ကျန်မီတာခကို ပေးဆောင်ရမည် ဖြစ်သည်။
ကင်းလွတ်ခွင့် ပြုခဲ့သော အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများအားလုံးသည် ယခင်သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မွန်းမွန်းပန်







