မေ၂၁
ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်း လီဒိုလမ်းတစ်လျှောက်ရှိ ယုဇနကုမ္ပဏီက သိမ်းပိုက်လိုက်သည့် မြေဧကများကို ဒေသခံပြည်သူလူထုများ ပြန်လည် ရရှိခဲ့သည့် အထိမ်းအမှတ်အဖြစ် ကျေးဇူးတော် ချီးမွမ်းသည့် အစီအစဉ်ကို ယမန်နေ့က ဝါရာဇွပ်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လီဒိုလမ်းတစ်လျှောက်ရှိ ဒွမ်ဘုံး၊ တနိုင်း၊ ရှင်ဗွေယန် အစရှိသည့် ကျေးရွာ(၂၅)ရွာက ဒေသခံပြည်သူများ စုပေါင်းပြီး ဝါရာဇွပ်ကျေးရွာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းမြေယာများ ပြန်လည် ရရှိရန် KIO နှင့် အဖက်ဖက်မှ ကူညီ လမ်းပြ အကြံပေးခဲ့ကြသည့် သူများကိုလည်း ဂုဏ်ပြု မှတ်တမ်း ပေးအပ်ခဲ့ကြောင်းကိုလည်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
‘’KIOအစိုးရ၊ ပြည်သူတွေကို ကူညီပေးတဲ့ သူတွေ၊ လမ်းပြ အကြံပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းတွေ လည်း ပေးတယ်။ ဒွမ်ဘုံး၊ တနိုင်း၊ ရှင်ဗွေယန်ထိ ကျေးရွာ(၂၅)ထိပါတယ်။ယုဇန ကုမ္ပဏီတွေ သိမ်းပိုက်လိုက်တဲ့ မြေဧကတွေ ပြည်သူလူထုရဲ့ လက်ထဲ ဖြစ်ပြီဆိုတဲ့ အထိမ်းအမှတ် အနေနဲ့ပေါ့’’ဟု ၎င်းက ဆိုသည်။
ပြန်လည် ရရှိခဲ့သည့် အဆိုပါ မြေဧကမှာ (၂)သိန်းဝန်းကျင်ကို KIO နှင့် ဒေသခံ ပြည်သူလူထုများ ပူးပေါင်းကာ သက်ဆိုင်ရာ မြေယာခွဲဝေရေးကော်မတီများ ဖွဲ့စည်းပြီး ဒေသခံပြည်သူလူထုများထံ စိစစ်ခွဲဝေမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ယင်းမြေယာများသည် ယခင်က ဟူးကောင်းချိုင့်ဝှမ်း၊ လီဒိုလမ်းတစ်လျှောက်က ကျေးရွာ ဒေသခံများ လွတ်လွတ်လပ်လပ် စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် နေရာများ ဖြစ်ပြီး (၂၀၀၆)ခုနှစ်မှ စ၍ ယုဇနကုမ္ပဏီမှ အထက်အမိန့်ဟုဆိုကာ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်နှင့် (၁၀)နှစ်ကျော် သိမ်းပိုက် လုပ်ကိုင်ခဲ့ရာမှ ဧပြီလ(၂၀)ရက်နေ့က ထွက်ခွာသွားခဲ့သည့် မြေနေရာများ ဖြစ်ကြောင်းလည်း ဆိုသည်။
စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မတ်လ(၃၁)ရက်နေ့နှင့် မေလ(၁၉)ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ စစ်တပ်ကျော်ထောက်နောက်ခံ ယုဇနကုမ္ပဏီဝင်းကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။