ရခိုင်မှာ စစ်ကောင်စီကြောင့် ပြည်သူ ၂၀၀ နီးပါးသေဆုံးပြီး စစ်ရှောင်အရေအတွက် သုံးသိန်းခွဲကျော်ထိရှိလာ

156

 

ဧပြီ၊ ၅

ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာပြီးတဲ့နောက် စစ်ကောင်စီကြောင့် သေဆုံးတဲ့ပြည်သူအရေအတွက်ဟာ ၂၀၀ နီးပါးရှိလာပြီလို့ လူသားချင်းစာနထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီအရေအတွက်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မတ်လ (၂၁) ရက်နေ့အထိစာရင်းတွေဖြစ်တယ်လို့ HDCO က ဆိုပါတယ်။

HDCO ဟာ ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) လက်အောက်က ဌာနတစ်ခုဖြစ်ပါတယ်။

သေဆုံးသူစုစုပေါင်း ၁၇၉ ယောက်ဖြစ်ပြီး အဲဒီထဲက ၃၆ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၆၄ ယောက်ဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိခိုက်သူအရေအတွက်ဟာလည်း ၄၆၈ ယောက်အထိရှိနေပြီး အဲဒီထဲမှာ အမျိုးသမီး ၁၉၈ ယောက်အထိ ပါဝင်နေတယ်လို့ သိရပါတယ်။

တစ်ပြည်နယ်လုံးမှာလည်း စစ်ဘေးရှောင်အရေအတွက်စုစုပေါင်းဟာ ၃၅,၈၂၀၀(သုံးသိန်းခွဲကျော်) အထိရှိလာပြီဖြစ်ပြီး အဲဒီထဲက စစ်ဘေးရှောင် တစ်သိန်းကျော်ဟာ ပေါက်တောမြို့နယ်က အများဆုံးဖြစ်နေတယ်လို့ HCDO ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂလူသာချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ရခိုင်ပြည်နယ်မှာ တကျော့ပြန်ဖြစ်ပွားလာတဲ့တိုက်ပွဲကြောင့် လူပေါင်း တစ်သိန်းခွဲကျော် အိမ်းအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဧပြီလ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်နဲ့ မြေမြှုပ်မိုင်းတွေကလည်း အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကြီးမားတဲ့အန္တရာယ်ဖြစ်နေပါတယ်။ အပူပြင်းဆုံးရာသီဝင်လာပြီဖြစ်တာကြောင့် ရခိုင်ပြည်နယ်က အိုးအိမ်စွန့်ခွာရသူတွေဟာ သောက်သုံးရေရှားပါးမှုဒဏ်ကိုလည်း ရင်ဆိုင်နေရပြီဖြစ်ပါတယ်လို့ UNOCHA က ဆိုပါတယ်။

AA ရဲ့ လူသားချင်းစာနထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံးကတော့ အခုအချိန်မှာ ရခိုင်ပြည်နယ်က စစ်ရှောင်တွေအတွက် အစားအသောက်တွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ယာယီတဲအိမ်တွေ၊ နေအိမ်ပြန်လည်ပြုပြင်ဖို့တွေအပြင် လူသားချင်းစာနမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုအချိန်မှာတော့ AA ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၈ မြို့နယ်ကို ထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ အမ်းမြို့က စစ်စခန်းတွေကိုလည်း ထိုးစစ်ဆင်တာတွေပြုလုပ်နေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here