ရခိုင်မှ ကချင်ကို ဝင်လာသူများ Quarantine (၂၁)ရက်ဝင်ရမည်

701

မြစ်ကြီးနား၊ သြဂုတ် ၂၄

ရခိုင်ပြည်နယ်မှ ကချင်ပြည်နယ်ကို ဝင်လာသည့်သူများအနေနှင့် Quarantine (၂၁)ရက် ဝင်ရမည် ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အခြားတိုင်းနှင့် ပြည်နယ်မှ ဝင်လာသည့်သူများကို ကွာရန်တင်းမထားရှိသော်လည်း ရခိုင်ပြည်နယ်မှ ဝင်လာသူများကို ကားဂိတ်၊ ဘူတာနှင့် လေဆိပ်များတွင် စစ်ဆေးမှုများ ပြုလုပ်ပြီး ကွာရန်တင်း ထားရှိရန်စီစဉ်ထားကြောင်း မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

“ကျွန်ေတော်တို့က ကားဂိတ်၊ ရထားဘူတာနဲ့ လေဆိပ်တွေမှာ သက်ဆိုင်တဲ့သူတွေကို ပြောထားပြီးပြီ။ ရခိုင်ကလာတယ် ဆိုတာနဲ့တစ်ခါတည်း ကွာရန်တင်းထားသွားမယ်။ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်သွားမယ်”ဟု ဦးသန်းဝင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် (၉)ရက်အတွင်း ကိုဗစ်-၁၉ရောဂါပိုး ကူးဆက်ခံရသူ (၇၂)ဦး ရှိနေပြီး ကူးစက်ခံရသူများသည် ပြည်ပခရီးသွားရာဇဝင် မရှိဘဲ ပြည်တွင်းမှ ကူးစက်ခံရခြင်း ဖြစ်ကြောင်း သြဂုတ်လ (၂၅)ရက်နေ့ နံနက်ပိုင်း (၇)နာရီထုတ်ပြန်ချက်အရ သိရသည်။

ကူးစက် ခံရသူများသည် စစ်တွေမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် သံတွဲမြို့နယ်များမှ ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့နယ်မှ ပြည်သူလူထုများအနေနှင့် မလိုအပ်လျှင် အပြင်မထွက်ကြရန်နှင့် Stay Home လုပ်ပြီး နေအိမ်တွင် နေထိုင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ (၂၀)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

လက်ရှိ မြစ်ကြီးနားမြို့နယ်တွင် ပြည်ပမှ ပြန်လာသည့်သူများကို ကွာရန်တင်းထားရှိထားပြီး၊ ကွာရန်တင်းဝင်နေသူ စုစုပေါင်း (၁၈၀)ဦးရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ သြဂုတ်လ (၂၅)ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

ဂျာဒွဲ

LEAVE A REPLY

Please enter your comment!
Please enter your name here