ရေလှောင်ကန်ကျိုးပေါက်၍ ပျက်စီးသွားသည့် လယ်များအတွက် ကုမ္ပဏီက ဒေသခံများကို သိန်းငါးဆယ်ကျော် လျော်ကြေးပေး

1192

ဝိုင်းမော်၊ အောက်တိုဘာ ၁၅

ဝိုင်းမော်မြို့နယ်၊ မန်ဝင်းကျေးရွာအုပ်စု၊ ကယောယန်ကျေးရွာမှ တစ်သျှူးငှက်ပျောစိုက်ခင်းအတွင်းရှိ ရေလှောင်ကန် နှစ်ခုကျိုးပေါက်၍ ရေကြီးနစ်မြုပ်သွားခဲ့သည့် ဒေသခံအချို့၏စိုက်ခင်းများကို အောက်တိုဘာလ ၁၃ ရက်တွင် ကုမ္ပဏီက နစ်နာကြေးပေးခဲ့ကြောင်းသိရသည်။

စပါးနှင့် နှစ်ရှည်ပင်စိုက်ခင်းများပျက်စီးသွားသည့် ဒေသခံကိုးဦးအတွက် နစ်နာကြေးငွေစုစုပေါင်း ကျပ် ၅၅ သိန်းပေးခဲ့ပြီး ပျက်စီးသွားသည့် စိုက်ခင်းနှင့် လယ်ကွင်းများကို မတ်လနှင့် ဧပြီလခန့်တွင် ပြုပြင်ပေးရန် ဒေသခံတောင်သူများက ကုမ္ပဏီတာဝန်ခံထံ တောင်းဆိုထားကြောင်း သိရသည်။

”နောက်တစ်ခါ အဲဒီလိုထပ်မဖြစ်ဖို့နဲ့ ရေကာတာတွေကို အမြင့်ကြီးမဆောက်ဘဲနဲ့ နိမ့်နိမ့်လေးပဲ ဆောက်ပေးဖို့ပြောထားတယ်။ ပြီးတော့ နောက်တစ်ခေါက် ဒီလိုမျိုးထပ်ဖြစ်ရင်တော့ ရွာသားတွေရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောထားပေးတယ်”ဟု ဦးကလော်လုပ်ယိန်းက ပြောသည်။

ကချင်အထူးဒေသ (၁)ချန်းရင်ခူး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်၏ တစ်သျှူးငှက်ပျောစိုက်ခင်းတွင် ရေပေးဝေရန် ပြုလုပ်ထားသည့် ရေလှောင်ကန် ၁၂ ခုခန့်ရှိသည့်အနက်မှ နှစ်ခုမှာ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်က ကျိုးပေါက်သွားခဲ့သဖြင့် ရေကြီးနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေလှောင်ကန်များသည် တောင်ကျချောင်းရေကို လွှဲယူထားသည့်ရေများဖြစ်ပြီးရေသွယ်လှောင်ရာတွင် အခိုင်အမာပြုလုပ်ထားခြင်းမဟုတ်ဘဲ မြေကြီးနှင့် ကျောက်တုံး၊ ကျောက်စရစ်ခဲများဖြင့် ပိတ်ဆို့ထားသည့်
ရေလှောင်ကန် ဖြစ်သည့်အတွက် ခိုင်ခံ့မှုမရှိခြင်းကြောင့် မိုးဆက်တိုက်ရွာသွန်းသဖြင့် မြေသားများပျော့ကာ ပြိုကျ
သွားခြင်းဖြစ်ကြောင်း သိရသည်။

ရေလှောင်ကန် တာပေါင်ကျိုးကျခဲ့သည့်ညက အရှိန်ဖြင့်စီးဆင်းလာသော ရေထု၏ရိုက်ခတ်မှုကြောင့် သုံးလသားအရွယ်စပါးပင်များနှင့် စပါးနှံထွက်ခါစ စပါးခင်းအချို့အမြစ်မှ ကျွတ်ထွက်သွားခဲ့ပြီး တချို့
စပါးခင်းများမှာ ရွှံနွံများဖုံးလွှမ်းသွားသည့်အတွက် နောက်နှစ်စပါးစိုက်ပျိုးရန် မလွယ်ကူတော့သည်အထိ ပျက်စီးသွားကြောင်းသိရပြီး စပါးစိုက်ပျိုးထားသည့် လယ်တစ်ဧကခန့်မှာ လုံးဝပျက်စီးသွားပြီး ၄ ဧကခန့်မှာ မြေကြီးနှင့်သဲများ ၄ လက်မခန့် ဖုံးလွှမ်းသွားကာ အချို့ဒေသခံများ၏ ခြံများမှလိမ္မော်နှင့် စကားဝါကဲ့သို့ နှစ်ရှည်ပင် မျိုးစုံစိုက်ပျိုးထားသော အခင်းများလည်း ပျက်စီးသွားကြောင်း သိရသည်။

ယင်း ငှက်ပျောခြံ၏ အောက်ဘက်ပိုင်းတွင် ကယောယန်ကျေးရွာ ရှိသည့်အတွက် ရွာထဲသို့လည်း ခါးအထက်ရင်စို့ခန့်အထိနက်သော ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။

”ဒီလောက်ကြီးတဲ့ ရေကန်တွေ လုပ်ထားတာကိုလည်း ရွာသားတွေနဲ့ ဘာမှ တိုင်ပင်ဆွေးနွေးတာမျိုးလည်းမရှိဘဲနဲ့ သူတို့သဘောနဲ့ သူတို့လုပ်ထားကြတယ်။ အခုတော့ သူတို့သဘောနဲ့မလုပ်ခိုင်းတော့ဘူး။ လုပ်မယ်ဆိုရင် ခိုင်ခံ့အောင်လုပ်”ဟု ဦးဘွမ်ခရမ်းတူးက ပြောသည်။

ယခုအကြိမ်တွင် ရေလှောင်ကန်နှစ်ကန်သာ ကျိုးပေါက်ခဲ့၍ တော်သေးသည်ဟုလည်း ရွာသားများကပြော
ဆိုနေကြပြီး ၎င်းတို့ငှက်ပျောခြံအတွင်းရှိ ရေလှောင်ကန် ၁၂ ကန်လုံး ကျိုးပေါက်သွားခဲ့ပါက ဆုံးရှုံးမှုသည် အခုထက် ၁၀ ဆခန့် ပိုမိုဖြစ်ပွားနိုင်ပြီး ဒေသခံများ၏ အသက်ကိုပါ အန္တရာယ်ပေးလာနိုင်သည့်အတွက် ရေကန်များကို အမြင့်ကြီးမဆောက်ကြရန် ကုမ္ပဏီတာဝန်ခံကို ဒေသခံများက သတိပေးပြောဆိုထားကြောင်း သိရသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here