ပင်ကိုယ် သွက်လက်တဲ့စတိုင်လ်နဲ့ ဆွဲဆောင်မှုရှိတဲ့ အလှပိုင်ရှင်လေး မော်ဒယ်လ်၊ သရုပ်ဆောင် P ဂျာဆိုင်းဘူနှင့် ခဏတာတွေ့ဆုံခြင်း

3365
P Ja Seng Bu

ယခုတစ်ပတ်ရဲ့ အနုပညာကဏ္ဍမှာတော့ ကချင်ရုပ်ရှင်အနုပညာလောကတွင် ပြည်သူချစ် အနုပညာရှင်တစ်ဦး ဖြစ်လာရုံသာမက သူမရဲ့သွက်လက်သော ချစ်စရာအမူအရာ၊ သရုပ်ဆောင် ပိုင်နိုင်မှုတွေကြောင့် လူသိများလာတဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံမေးမြန်းထားပါတယ်။

သူမကတော့ သရုပ်ဆောင် Pဂျာဆိုင်းဘူပဲဖြစ်ပါတယ်။ သူမဟာ မြစ်ကြီးနားမြို့၊ ဒူကထောင် ရပ်ကွက်မှာ နေထိုင်ကြီးပြင်းခဲ့ပြီး မောင်နှစ်မ ၅ ယောက်အနက် အကြီးဆုံးဖြစ်ပါတယ်။ သူကတော့ အနုပညာဘက်မှသာမက ပညာရေးဘက်မှာလည်း ထူးချွန်သူဖြစ်ပါတယ်။ သူဟာ မိုင်ဂျာယန်က ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်း တက်ရောက်ထားသူဖြစ်ပြီး အခုဆိုရင် မန္တလေးမြို့မှာ တတိယနှစ် အဝေးသင်တက္ကသိုလ် ဆက်လက်တက်ရောက်နေကြောင်း သိရပါတယ်။
အခုဆိုရင် သူမက မြန်မာရုပ်ရှင်လောကထဲကို ခြေလှမ်းစတင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် မော်ဒယ်လ်၊ သရုပ်ဆောင်မင်းသမီး Pဂျာဆိုင်းဘူရဲ့ လက်ရှိကြိုးစားနေမှုများ၊ လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး မြစ်ကြီးနားသတင်းဂျာနယ်က တွေ့ဆုံမေးမြန်းထား တာတွေကို ကချင်ပြည်နယ်က စာဖတ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Ja Seng Bu

ပထမဦးဆုံးအနေနဲ့ အစ်မရဲ့ အကြောင်းလေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးပါဦး။
အားလုံးပဲ မင်္ဂလာပါ။ကျွန်မနာမည်ကတော့ Pဂျာဆိုင်းဘူလို့ ခေါ်ပါတယ်။ အစ်မရဲ့ မွေးသက္ကရာဇ်ကတော့ ၉.၁.၁၉၉၇ပါ။

အနုပညာလောကထဲကို ဘယ်အချိန်ကတည်းက စတင်ဝင်ရောက်ခဲ့တာလဲ။
အနုပညာလောကထဲကို စဝင်တာကတော့ ၂၀၁၁လောက်ကပါ။ လွန်ခဲ့တဲ့ ၈နှစ်လောက် ကပေါ့၊ ၈တန်းလောက်ကစပြီး MTV တွေစရိုက်ဖြစ်ပါတယ်။

ငယ်ငယ်ကတည်းကနေ အနုပညာလောကထဲကိုစဝင်တယ်ဆိုတော့ အခက်အခဲတွေအများကြီး ကျော်ဖြတ်ခဲ့ရမှာပေါ့၊
အခက်အခဲကတော့ ဘာမှကြီးကြီးမားမားတော့ မရှိပါဘူး။ ဒီလောကထဲကို စဝင်ကတည်းက ကိုယ်ကလည်း ဝါသနာအရမ်းပါတယ်၊ အစကတည်းက အရမ်းဝါသနာပါတယ်။ သူတို့ကမ်းလှမ်းလာတာကို ရိုက်ကြည့်လိုက်တယ်။ အခက် အခဲကတော့သိပ်မရှိပါဘူး။

မိသားစုမှာ၊ မျိုးရိုးထဲမှာရော အနုပညာလုပ်တဲ့သူ ရှိလား။
ဟုတ်။ မိသားစုမှာ အနုပညာလုပ်တဲ့သူ ရှိပါတယ်။ ပထမဦးဆုံး ကချင်ဇာတ်ကားမှာ သရုပ်ဆောင်တဲ့ ပထမဦးဆုံးခေါင်းဆောင်မင်းသမီးလည်းဖြစ်တဲ့ လဝမ်ဂျာရွယ်ဖြစ်တယ်၊ သူကတော့ အစ်မရဲ့ အဖွားပေါ့၊ ပြီးတော့ အဒေါ်တွေထဲမှာရော အဆိုတော်တွေရှိပါတယ်။ အနုပညာမျိုးရိုးရှိပါတယ်။

ပြီးတော့ အစ်မအနေနဲ့ပညာရေးဘက်မှာ ထူးချွန်တယ်လို့လည်း သိရတယ်။ အဲ့ဒီထဲကနေ ဘယ်လိုတွေကြောင့် ဒီ သရုပ်ဆောင်အလုပ်ကို ရွေးချယ်ဖြစ်ခဲ့တာလဲ။
အဲ့ဒါကျတော့…ကိုယ်လည်း ဝါသနာပါတာရောပါတယ်၊ ဒီ carrier ကိုယ့်ရဲ့ Professional အသက်မွေးဝမ်းကျောင်း ပြုတဲ့အခါမှာကျတော့ပညာကလည်း မတတ်လို့မရဘူးလေ၊ ပညာတစ်ခုလည်း သူ့ဟာသူ တတ်ထားရမယ်ဆိုတော့ ပညာရေးကိုလည်း အချိန်ပေးတယ်၊ အနုပညာကိုလည်း အချိန်ပေးတယ်။ အဲ့လိုမျှပြီးလုပ်တယ်။ အခုလည်းရန်ကုန်မှာ management နဲ့ပတ်သက်တဲ့ကျောင်း တက်နေတယ်၊ နောင်တစ်ချိန်မှာ ကိုယ်ကအနုပညာမလုပ်တော့တဲ့အခါ အခြားစီးပွားရေးလုပ်မယ်ဆိုရင်၊ အဲ့ဒီအခါ ပညာမတတ်လို့ရှိရင်လည်း အဆင်မပြေတော့ဘူး။ အစ်မပညာရေးကိုလည်း ကဏ္ဍတစ်ခုအနေနဲ့ အချိန်ပေးဖြစ်တယ်၊ အနုပညာကကျတော့ ဝါသနာလည်း ပါနေတယ်။ ကိုယ်ရဲ့ Professional အလုပ်တစ်ခုလည်းဖြစ်တယ်။ အဲ့ဒါကြောင့် အားရင်အားသလိုအချိန်ပေးပြီး မျှပြီးလုပ်ပါတယ်။

ပညာရေးကတစ်ဖက်၊ အနုပညာကတစ်ဖက် ဆိုတော့ ဘယ်လိုအခက်အခဲတွေရှိလဲ။
အဲ့ဒါကတော့…ပြောရမယ်ဆိုရင် ထားလိုက်ပါတော့ ဥပမာ ကိုယ်က ဇာတ်ကားရိုက်မယ်လို့ ကိုယ့်ကိုကမ်းလှမ်းလာမယ်ဆိုရင်တောင် ကျောင်းကတက်နေတယ်၊ ကျောင်းကပျက်လို့မရဘူး။ အဲ့လိုအခြေအနေတော့ရှိတယ်၊ ဟိုး လွန်ခဲ့တဲ့ မနောမြေမှ ကျောက်စိမ်းကမ္ဘာအကယ်ဒမီရတဲ့ကားပေါ့၊ အဲ့ဒီကားဆိုရင်လည်း ဖားကန့်မှာ သွားရိုက်ရမှာ တစ်လခွဲ နှစ်လလောက်ပေါ့၊ အဲဒီအချိန်အစ်မက မန္တလေးမှာ ကျောင်းတက်နေတယ်ဆိုတော့ တစ်လလောက်ပျက်ဖို့ကလည်း အဆင်မပြေဘူး၊ အဲ့ဒီအခါကျတော့ မရိုက်လိုက်ရတဲ့ အချိန်တွေလည်းရှိတယ်။ ကိုယ်က ဝါသနာအရမ်းပါလို့ ရိုက်ချင်ပေမယ့် တစ်ခါတလေကျရင်လည်း ပညာရေးဘက်ကို အချိန်ပေးလိုက်ရတာတွေ၊ အဲ့လိုမျိုးတွေတော့ ရှိပါတယ်။

ဒါဆို ဒီအနုပညာအလုပ်ကရော ကိုယ့်ရဲ့ငယ်ငယ်ကတည်းက ရည်မှန်းချက်နဲ့ တစ်ထပ်တည်းကျလား။
ဟုတ်… ရည်မှန်းချက်နဲ့တော့ တစ်ထပ်တည်းကျပါတယ်။

နောက်ပြီး Miss Glam World Myanmar 2018 ပြိုင်ပွဲကြီးမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေး သိချင်ပါတယ်။
အဲ့ဒါကကျတော့ ကိုယ်ကကျောင်းတွေပဲ လိုက်တက်နေရတော့ ကိုယ်က ဒီ အနုပညာအလုပ်နဲ့လည်း နည်းနည်း အလှမ်းဝေးလာတယ်၊ အဲ့ဒီအချိန်ကျတော့ မနှစ်တုန်းက federal law academy ကလုံးဝပြီးသွားပြီဆိုတော့ အနုပညာဘက်ကို ကောင်းကောင်းဆက်လုပ်လို့ရသွားပေါ့၊ ဘယ်လိုပြောရမလဲ၊ ဒီပြိုင်ပွဲကို ဝင်ပြိုင်ခြင်းအားဖြင့် လူတွေပိုပြီးသိလာမယ်၊ ပြီးတော့ပရိသတ်တွေနဲ့လည်း ပြန်ပြီး Re-touch ဖြစ်လာမယ်ပေါ့။ အဲ့ဒါကြောင့်ဝင်ပြိုင်ဖြစ်ခဲ့တာပါ။

အစ်မရဲ့ ဒီ Miss World Myanmar ပြိုင်ပွဲတစ်လျှောက်လုံးမှာ ကြည့်မယ်ဆိုရင် လူမှုဆက်ဆံရေး ကောင်းပြီး သွက်လက်ဖြတ်လတ်တဲ့သူတစ်ယောက်အဖြစ် တွေ့မြင်ရတယ်ပေါ့နော်။ အဲ့လိုဖြစ်အောင် ဘယ်လိုတွေလုပ်ဆောင်ခဲ့လဲ။
အဲ့ဒါကတော့ ကိုယ့်ရဲ့ Type ကိုက ဒီလိုမျိုးဖြစ်နေတယ်။ ကိုယ်ကရော မွေးကတည်းက အမြဲတမ်း Active ဖြစ်နေတဲ့ ထဲမှာပါတယ်၊ ပြိုင်ပွဲတောက်လျှောက်မှာ ကိုယ်က မိတ်ဆွေသစ်ဖွဲ့ရတာ ကြိုက်တယ်၊ တစ်ခါသူငယ်ချင်းတွေနဲ့စုပြီး Selfie တွေရိုက်၊ Live တွေလွှင့်တယ်၊ ကိုယ်က သူများတွေနဲ့ခင်ရတာ အရမ်းကြိုက်တယ်ဆိုတော့လေ၊ ပြီးတော့ Asian Country တွေကဆိုရင် ကိုယ့်ကိုအရမ်း ချစ်ကြတယ်ပေါ့နော်၊ နောက်ပြီး သူတို့နဲ့ အတူသွား၊ အတူစားနဲ့ အဲ့လိုမျိုးတော့ရှိပါတယ်။

ကိုယ်က Miss တစ်ယောက်လည်း ဖြစ်တယ်။ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တယ်ဆိုတော့ အဲ့အပေါ်မှာရောစိတ်ကျဉ်းကျပ်တာတွေ ရှိဖူးလား။ ဘယ်လိုတွေပြင်ပြင်ဆင်ဆင်နေလဲ။
အေးပေါ့။ ကိုယ်က Miss တစ်ယောက်ဖြစ်တယ်။ အဓိကကတော့ သရုပ်ဆောင်တစ်ယောက် ပေါ့နော်၊ အဲ့ဒီအခါကျတော့ အေးပေါ့ ကိုယ်က သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီဆိုရင်တော့ နာမည်ကြီးတာ မကြီးတာ ပြောပြော အနည်းဆုံးတော့ လူတွေ သိလာကြပြီဆိုတော့ သူများတွေက ကိုယ်တွေ ဘာလုပ်နေတယ်၊ ဘယ်လိုတွေဆိုတာ သူတို့ကအသေးစိတ် လိုက်ကြည့်လာတယ်၊ အဲဒီတော့ ကိုယ်က နောက်ပိုင်းဆင်ခြင်ရမယ့်အပိုင်းတွေ ရှိလာတာပေါ့။ တစ်ခါတလေကိုယ်က သတိမထားမိတာ တွေဆိုရင် အဖေနဲ့အမေက အမြဲဖုန်းဆက် သတိပေးတယ်၊ အဲ့လိုမလုပ်သင့်ဘူး၊ မသွားသင့်ဘူး၊ အဲ့လို လုပ်ရတယ်တို့ပေါ့။ အမြဲတမ်း Remind ပေးတယ်။ အဲ့ဒီအခါကျတော့ နောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် ထိန်းသွားနိုင်တယ်ပေါ့။

အခုဆိုရင် အစ်မအနေနဲ့ ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ကူးမယ့် “အောက်ဖဲမလှန်ကြေးနော်”ဆိုတဲ့ ဇာတ်ကားမှာ မင်းအမီးတစ်ယောက်အနေနဲ့ ရွေးချယ်ခံရတယ်လို့ သိရတယ်ပေါ့နော်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူတို့က ဘယ်လိုပုံစံနဲ့ ရွေးချယ်ခဲ့ကြတာလဲ။
ဒီဇာတ်ကားမှာက အစ်မက ဇာတ်ဆောင်ရယ်လို့တော့ မဟုတ်ပါဘူး၊ မင်းသမီးတွေတော့ အများကြီး ပါသေးတယ်။ ဒါပေမဲ့ သူတို့ပေးထားတဲ့ ဇာတ်အိမ်တွေနဲ့ ဇာတ်ကွက်တွေကတော့ အားလုံး အတူတူလောက်ပဲပေါ့နော်။ အစ်မရဲ့အပိုင်းဆိုရင်လည်း အများကြီးထည့်ထားပေးတယ်။ ဒီဇာတ်ကားထဲမှာ ဆိုရင် ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ နေခြည်ဦး၊ ရွှေဖူး ပြီးတော့ မင်းသားတွေထဲမှာဆိုရင် ခန့်စည်သူ၊ ရဲအောင်၊ ထွန်းထွန်းနဲ့ အသစ်နှစ်ယောက်ရယ်ပေါ့။ အဲ့ဒီကားထဲမှာပါဝင်ခွင့်ရဖို့ပေါ့နော် ပထမဦးဆုံး ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးက သရုပ်ဆောင်သစ်ခေါ်နေတယ်လို့ ကြားတာနဲ့ တစ်ခါတည်းသွားပြိုင် ဖြစ်တယ်။ လာပြိုင်တာကတော့ အယောက်၅၀လောက်ရှိမယ်။ အဲ့ဒီထဲကနေမှ အဆင့်ဆင့် ရွေးချယ်ခဲ့ကြတယ်၊ ပြီးတော့ ဒိုင်တွေရော အများကြီးပဲ သူတို့ကတစ်ယောက်ပြီးတစ်ယောက် သရုပ်ဆောင်ခိုင်းလိုက်၊ ရယ်ခိုင်းလိုက်နဲ့ လုပ်ခိုင်းတယ်၊ မေး/ဖြေနဲ့ ဉာဏ်စမ်းတွေလည်းမေးတယ်၊ အကောင်းဆုံးကြိုးစားတယ်၊ ဆုတောင်းပြီးတော့ပေါ့နော်၊ အဲ့လို အဆင့်ဆင့်ပြိုင်ပြီးမှ နောက်ဆုံး final top ထိပါသွားတယ်ပေါ့နော်၊ အဲ့လိုမျိုးရွေးချယ်ခံခဲ့ရတာပါ။

နာမည်ကြီး သရုပ်ဆောင်တွေနဲ့အတူ သရုပ်ဆောင်ခွင့်ရတဲ့ အပေါ်မှာရော ဘယ်လိုခံစားရလဲ။
အရမ်းပျော်ပါတယ်၊ ဘာလို့ဆို ဒီလိုတကယ့်နာမည်ကြီး စီနီယာအကြီးတွေနဲ့ တစ်ကားထဲမှာ သရုပ်ဆောင်ခွင့်ရတာ ဆိုတော့ အရမ်းပျော်တယ်။၊ ပြီးတော့ ဒီလိုအခွင့်အရေးအကြီးကြီးရမယ်လို့လည်း ထင်မထားဘူး၊ အခုလို ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ လက်တွဲခွင့်ရတာ အရမ်းကြီးမားတဲ့ကောင်းချီးတစ်ခုလို့လည်း ပြောလို့ရပါတယ်၊ အရမ်းလည်း စိတ်လှုပ်ရှားနေပါတယ်။

အခုရိုက်မယ့် ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ရော ဘာတွေပြင်ဆင်နေလဲ။
ဘာတွေပြင်ဆင်နေလဲ ဆိုတော့ ပြင်ဆင်ရမယ့်အပိုင်းတွေတော့အများကြီးရှိတာပေါ့။ အစ်မက စကားပြော အရမ်းမြန်တယ်၊ အဲ့ဒါနဲ့ မခိုင်လေးက သမီး…စကားပြောအရမ်းမြန်တယ်ပေါ့။ အဲ့လိုပြောတယ်ပေါ့နော်၊ အဲ့ဒါကြောင့် စကားကို ဖြည်းဖြည်းပြောနေတယ်။ ပြီးတော့ သူတို့က တစ်ရက်ကိုအနည်းဆုံး ရုပ်ရှင်ကားတစ်ကားတော့ ကြည့်ခိုင်းတယ်၊ သူတို့ရဲ့ Plot တွေ သရုပ်ဆောင်တဲ့အပိုင်းတွေ၊ မျက်လုံးနဲ့ action တွေ၊ ဖက်ရှင်ပိုင်းတွေကို ကြည့်ခိုင်းတယ်။ ဆရာခန့်တို့ရော ပြန်သင်ပေးတယ်ဆိုတော့ နောက်ပိုင်းတော့ အဆင်ပြေသွားမယ်လို့ထင်ပါတယ်။

ဒီဇာတ်ကားထဲမှာ အစ်မအနေနဲ့ ဘယ်လိုဇာတ်ကောင်မျိုးပါဝင်သရုပ်ဆောင်ရမှာလဲ ပြောပြပေးပါဦး။
ဒီရုပ်ရှင်ကားကတော့ ဟာသကားဖြစ်တယ်၊ ငပလီမှာရိုက်မယ့်ကား ဟုတ်တယ်ပေါ့နော်။ ဒီကားထဲမှာဆိုရင် ကိုယ်တွေက လုံးဝလူလည်မပေါ့၊ အရမ်းလည်တယ်၊ အားလုံးကလည်း အရမ်းလည်တယ်၊ အဲ့လိုမျိုးပေါ့ ဟာသကားလေးပါ။

ကိုယ့်အနေနဲ့ မြန်မာ့ရုပ်ရှင်လောကထဲကို စဝင်မယ်ဆိုတော့ စိုးရိမ်တဲ့အပိုင်းတွေရောရှိလား။
စိုးရိမ်ရတဲ့အပိုင်း… အဲ့လိုမျိုးတော့မရှိပါဘူး၊ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အရမ်းကြိုးစားရမယ် ဆိုတာပဲ၊ ဘာလို့ဆို ကိုယ်တွေကအခုမှ ဝုန်းဒိုင်းဝင်လာတယ်ဆိုတော့ ဘာလုပ်ရမယ်မှန်း မသိဘူး၊ မင်းသမီး မင်းသားတွေရော အများကြီးပဲ၊ အဲ့ဒီကတည်းက Challenge ဖြစ်တယ်ပေါ့နော်။ ကိုယ့်နေရာကို ထိန်းထားဖို့ဆိုရင်တော့ ဆက်ပြီးအများကြီးကြိုးစားရမယ်ပေါ့၊ ဟုတ်။

မြန်မာ့ရုပ်ရှင်လောကနဲ့ တွဲရိုက်တာ ဒါ ပထမဆုံးအကြိမ်ဇာတ်ကားလား။
ဒါကတော့ ဒုတိယအကြိမ်ပေါ့နော်၊ လွန်ခဲ့တဲ့ ၆လ ၇လလောက်တုန်းက လောဘနွံဆိုတဲ့ ရုပ်ရှင်ကားကြီးမှာရောသရုပ်ဆောင် အေးမြတ်သူတို့နဲ့ အတူတွဲရိုက်ဖူးတယ် ဒါရိုက်တာကတော့ JZ. ဒေါင်လွမ်းရိုက်တဲ့ကားမှာပါ။

မြန်မာ့ရုပ်ရှင်လောကထဲကို ဝင်တော့ ကွာခြားချက်အနေနဲ့ ဘာတွေမြင်ရလဲ။ ကြိုးစားရမယ့်အပိုင်းတွေရော ဘာတွေရှိသေးတယ်လို့ အစ်မထင်လဲ။
အင်း… ဘယ်လိုကွာခြားလဲဆိုတော့ အနုပညာကတော့ အားလုံးအတူတူပဲ။ အရမ်းကြီးတော့ မကွာခြားပါဘူး၊ ကချင်ရုပ်ရှင် လောကမှာကျတော့ အရမ်းကြီးမခက်ဘူး။ ဘယ်လိုပြောရမလဲ ကိုယ့်ရဲ့ခင်မင်ရာခင်မင်ကြောင်းနဲ့ ဆိုတော့ပေါ့နော်။ မြန်မာ့ရုပ်ရှင်လောကထဲ ဝင်လာပြီဆိုရင်တော့ မလွယ်ဘူး၊ အရမ်းကြိုးစားရမယ်။ MTV တစ်ပုဒ် ရိုက်ဖို့၊ ဇာတ်ကားတစ်ကား ပါဝင်ရဖို့ဆိုတာ အရမ်းခက်တယ်၊ ဆိုတော့ ပိုပြီးကြိုးစားရမယ်ဆိုတာသိလာတယ်၊ အရင်လိုနေလို့မရတော့ဘူး၊ အရမ်း ကြိုးစားရမယ်၊ ပြင်ဆင်ရမယ်ဆိုတာတွေကို ပိုသိလာပါတယ်။

အစ်မအနေနဲ့ ဘယ်ဇာတ်ဆောင်စရိုက်က ကိုယ့်အနေနဲ့ သရုပ်ဆောင်ရတာ အားအရဆုံးနဲ့ သဘောအကျဆုံးဖြစ်မလဲ။
အဓိကကတော့ အချစ်ကားဆိုရင်လည်း လုံး၀ drama ဆန်ဆန်ပေါ့၊ မိသားစုကားဆိုရင်လည်း လုံးဝအစ်မကြီးအရာ၊ အဲ့လို စတိုင်လ်မျိုးကိုသရုပ်ဆောင်ရတာပိုပြီး သဘောကျပါတယ်။

ကိုယ့်ရဲ့ အားသာချက်နဲ့ အားနည်းချက်ဆိုရင်ရော ဘာဖြစ်မလဲ။
အားနည်းချက် ဆိုရင်တော့ အများကြီးဘဲပေါ့နော်။ လူဆိုတာကတော့ မပြည့်စုံခြင်းများတယ်လေ၊ အဲ့ဒီတော့ ကိုယ့်မှာ ပြင်ဆင်စရာတွေရော အများကြီး ရှိပါသေးတယ်။ အားသာချက်တွေတော့ အများကြီး မရှိပါဘူး။ ဒါပေမဲ့နည်းနည်း Active ဖြစ်တယ်လို့တော့ ထင်တယ်…မသိဘူး။ ကိုယ့်ကိုယ်ကိုယ် အားသာချက် ရှိတယ်လို့တော့ မခံစားမိပါဘူး။

အစ်မရဲ့ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်း သိချင်ပါတယ်။
ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီးပြောရမယ် ဆိုရင်တော့ Instagram တို့ facebook တို့သုံးတယ်။ အင်စတာဂရမ်ကတော့ သုံးတာကြာပြီ၊ အဲဒီ Instagram ကနေ ဖက်ရှင်နဲ့ပတ်သက်တဲ့ဟာ လေ့လာတယ်၊ အမေရိကန်ဖက်ရှင်တွေဆိုရင် follow လုပ်ထားတယ်၊မြန်မာဝတ်စုံတွေချုပ်ရင်တော့ ဒီဇိုင်နာ ရှိပါတယ်။

ပြီးတော့ ဘယ်လိုဖက်ရှင်ကို ဝတ်ရတာ အကြိုက်ဆုံးလဲ။
ဘယ်လို ဖက်ရှင်လဲဆိုတော့ ထသွားထလာ ပေါ့ပေါ့ပါးပါး free style ကိုကြိုက်တယ်၊ T-Shirt လေးနဲ့ ဂျင်းဘောင်းဘီလေး၊ အဲ့လိုမျိုးပေါ့ပေါ့ပါးပါးလေးတွေကို ကြိုက်တယ်၊ ဖက်ရှင်ဆို လုံး၀ free style ကို ကြိုက်ပါတယ်။

သြိပ ပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုထိန်းသိမ်းဖြစ်လဲ။
သြိပ ပိုင်းနဲ့ပတ်သက်ပြီးတော့ Gym ဆော့ဖြစ်ပါတယ်။ Gym ဆော့ရတာတော့ တော်တော်လေး ကြိုက်ပါတယ်။ မဆော့တာလည်း နှစ်နဲ့ချီနေပြီ၊ တစ်ခါတလေကျရင်မအားတော့ ဆော့လိုက်ပျက်လိုက် နဲ့ပေါ့၊ အဓိကကတော့ Gym ဆော့တာပေါ့။ ဝိတ်တက်လာပြီဆိုရင် အစာလျှော့စားတာတွေလည်း ရှိပါတယ်။ အဲ့လိုတော့ ထိန်းဖြစ်ပါတယ်။

နောက်ပြီး အားလပ်တဲ့အချိန်မှာရော ဘာတွေလုပ်ရတာကြိုက်လဲ။
သူငယ်ချင်းတွေနဲ့ Day Out ဖြစ်ဖြစ် Nitht Out ဖြစ်ဖြစ်ထွက်ရတာကြိုက်တယ်။ သူငယ်ချင်းတွေနဲ့ စုပြီးမုန့်စားတယ်၊ ရုပ်ရှင်ကြည့်တယ်။ ပြီးတော့ ခရီးထွက်တာလည်းကြိုက်ပါတယ်။

ပြီးတော့ အစ်မရဲ့လတ်တလော အချစ်ရေးနဲ့ပတ်သက်ပြီး သိချင်ပါတယ်။
လောလောဆယ်တော့ တစ်ယောက်ထဲပါပဲ။ အရင်တုန်းကတော့ ထားဖူးတယ်၊ အခုတော့ တစ်ယောက်တည်းပါ။

အဲ့ဒါဆို နောက်ထပ်ထားဖို့ရောအစီအစဉ်ရှိလား၊ ထားဖြစ်ခဲ့မယ်ဆိုရင် အစ်မစိတ်ကူးထဲက ကောင်လေးရဲ့ ပုံစံကဘယ်လိုပုံစံ ဖြစ်မလဲ။
ဘယ်လိုပြောရမလဲ ဆိုတော့ ကိုယ်ကသူတို့ထင်ထားတာထက်ပိုပြီး ချစ်တတ်တယ်၊ ဂရုစိုက်ပေး တတ်တယ်၊ အဲ့ချိန်ကျတော့ သူတို့ကထားသွားလို့ရှိရင် ကိုယ်ပဲခံစားရမှာဆိုတော့ အခုတော့ မထားဖို့ ဆုံးဖြတ်ထားပါတယ်။ နောက်ပိုင်းထား ဖြစ်ခဲ့မယ်ဆိုရင်တော့ ကိုယ့်ရဲ့အလုပ်ကို နားလည်ပေးနိုင်တဲ့သူ၊ အရှိတိုင်းလက်ခံပေးနိုင်တဲ့သူ အဲ့လိုမျိုးတော့ တွေးထားတယ်ပေါ့နော်။

အခုဆိုရင် ကချင်ဇာတ်ကားပေါင်း ဘယ်လောက်လောက်ရိုက်ကူးပြီးပြီလဲ။ နောက်ထပ် ကမ်းလှမ်းထားတာ တွေရော ရှိလား။
ကချင်ဇာတ်ကားကတော့၆ ကား၊ ၇ ကား လောက်တော့ရှိပြီ။ ကချင်အနုပညာရှင် အသင်းချုပ်က ရိုက်မယ့် ဇာတ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းထားတာတော့ရှိပါတယ်။ ဒါပေမဲ့ မသိသေးဘူး ပေါ့နော်၊ ဘာလို့ဆို အခု အစ်မက ငပလီမှာ ဇာတ်ကားရိုက်နေတယ် ဆိုတော့ ရက်တိုက်နေရင်တော့ မရိုက်ဖြစ်ဘူး၊ ဒီဇာတ်ကားပြီးတာနဲ့ ဟိုဘက်က စမရိုက်သေးဘူးဆိုရင်တော့ ပါဖြစ်မှာပါ။

အစ်မအနေနဲ့ စိတ်ဖိစီးမှုရှိတဲ့အချိန်မှာ ဘယ်လိုခွန်အားယူရှေ့ဆက်ဖြစ်လဲ။
ဟုတ ်တစ်ခါတလေကျရင် အရမ်း စိတ်ဖိစီးမှုများတယ်၊ စဉ်းစားစရာ အများကြီးရှိတဲ့ချိန်ဆိုရင်ဘာမှ မလုပ်တတ်ဘူး၊ အဲ့ဒီတော့ ဘုရားသီချင်းကို အကျယ်ကြီးဖွင့်ပြီး နားထောင်တယ်၊ လိုက်ဆိုတယ်၊ ဆုတောင်းတယ်၊ အဲ့အချိန်ကျတော့ စိတ်အရမ်းအေးချမ်းတယ်၊ ပထမဦးဆုံးကိုယ်ဖြစ်ချင်တာ မဖြစ်ရင်တောင်မှ စိတ်ချမ်းသာမှုရတယ်။ အဲ့လိုပဲ ဖိစီးမှုတွေကို ဖြေဖျောက်ပါတယ်။

နောက်ဆုံးအနေနဲ့ ကချင်ပြည်နယ်က ဝါသနာရှင် လူငယ်တွေကိုရော ဘာများအကြံပေးချင်လဲ။
ဘာအကြံပေးချင်လည်းဆိုတော့ ကိုယ့်ရဲ့အိပ်မက်ကို ပထမဦးဆုံးစဉ်းစားပါ၊ အိပ်မက်ရှိဖို့လိုမယ်။ လူဆိုတာ အသက်ရှင်တဲ့အတွက် အိပ်မက်ရှိဖို့လိုအပ်တယ်၊ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးရမယ်၊ ကိုယ်ရဲ့အိပ်မက်ကို လိုက်ပါ၊ ကိုယ့်ရဲ့လိုချင်တဲ့ ဆန္ဒကိုလိုက်ပါ၊ စိတ်ကိုပဲ အလိုမလိုက်ဘဲနဲ့ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ လုံးဝသေချာပြီဆိုရင် တစ်ခုကိုပဲ Focus ထားပြီး ကိုယ့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ပါ၊ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး၊ အဲ့ဒီတော့ အားလုံးကို ကြိုးစားပါလို့ ပြောချင်ပါတယ်။

အစ်မအနေနဲ့ ပြောလိုတာရှိရင် ဖြည့်စွက်ပြီး ပြောပေးပါ။
အခုလိုအားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ အားနည်းချက်တွေလည်း အများကြီးရှိသေးတဲ့အတွက် ဝေဖန်ပေးကြပါ၊ ထောက်ပြပေးကြပါ၊ ညီမလည်း လက်ခံပြင်ဆင်ဖို့ အသင့်ပါပဲလို့။ ပြီးတော့ ညီမအနေနဲ့လည်း ကိုယ့်ရဲ့ဘဝမှာပေါ့နော် အနုပညာမှတ်တိုင်တစ်ခု ထူထောင်နိုင်အောင် ကြိုးစားမယ်၊ ဆက်လက်ပြီးတော့ အများကြီး ကြိုးစားသွားဖို့ရှိပါတယ်၊ အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

ဟုတ်အခုလို မအားမလပ်တဲ့ကြားက မေးမြန်းသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ သရုပ်ဆောင် P ဂျာဆိုင်းဘူကို မြစ်ကြီးနားသတင်းဂျာနယ်ကကျေးဇူးအများကြီး တင်ပါတယ်။
ဟုတ်… အခုလိုအင်တာဗျူးပေးတဲ့ မြစ်ကြီးနားသတင်းဂျာနယ်ကိုလည်း ကျေးဇူးအများကြီး တင်ရှိပါတယ်ရှင့်။

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here