မော်ဒယ်လ်နှင့် သရုပ်ဆောင် ဂျာဆိုင်းအိန်က Miss ပြိုင်ပွဲတွင်ရရှိခဲ့သည့် ရွှေသရဖူကို လေလံတင်ရောင်းချကာ စစ်ဘေးရှောင် ပြည်သူများကို လှူဒါန်းသွားမည်

1265

မြစ်ကြီးနား၊ မတ်၁၂

မော်ဒယ်လ်နှင့် သရုပ်ဆောင် ဂျာဆိုင်းအိန်က Miss Myanmar World 2017ပြိုင်ပွဲကြီးတွင် 1st Runner Upရရှိခဲ့သည့် ရွှေသရဖူကို လေလံတင်ရောင်းချကာ စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

မိမိ တတ်နိုင်သည့်ဘက်မှ စဉ်းစားကာ အမှန်တကယ်အကူအညီ လိုအပ်နေသည့် စစ်ဘေးသင့်ပြည်သူများအတွက် သရဖူ လေလံတင်ရောင်းချမည့် အစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း မော်ဒယ်လ်နှင့် သရုပ်ဆောင် ဂျာဆိုင်းအိန်က မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။

“ကိုယ်လုပ်ပေးနိုင်တာ ဘာရှိလဲ ဆိုပြီး စဉ်းစားတဲ့ချိန် အခုလို အတွေးလေး ပေါ်ပြီး crownကိုလေလံတင်ပြီး ရောင်းချမယ်။ ရတဲ့ ငွေတွေကို စစ်ဘေးသင့်နေတဲ့ ပြည်သူတွေကို အပြည့်အဝ ‌လှူဒါန်းသွားမယ်ဆိုပြီး လုပ်ဖြစ်သွားတာပေါ့ နော်။ အမှန်တကယ် လိုအပ်တဲ့ နေရာတွေမှာ အဓိက ဦးစားပေး ကူညီသွားမယ်။”ဟု ၎င်းက ဆိုသည်။

သူမကိုယ်တိုင် ကြိုးစားကာ ရရှိထားသည့် သရဖူ ဖြစ်သောကြောင့် လေလံတင် ရောင်းချမည့် အစီအစဉ်တွင် ပါဝင်မည့် သူများအနေဖြင့် သရဖူကို တန်ကြေးမည်မျှသာ ရှိသည်ဟု တန်ကြေးမဖြတ်ကြဘဲ စစ်ဘေးရှောင် ပြည်သူများအတွက် လေလံတင်ခြင်း၌ ပါဝင်စေလို ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဆိုင်းအိန် သရဖူ ရဖို့ဆိုတာ အနှစ်နှစ်၊ အလ လ ကြိုးစားထားရတယ်။ စိတ်ပင်ပန်းထားရတယ်။ စိတ်နစ်ထားရတဲ့ အရာ ဖြစ်တဲ့ အတွက် စစ်ရှောင်‌တွေကို လှူချင်တယ်။ သူတို့ လှူလိုက်တဲ့ အရာကလည်း စစ်ရှောင်ပြည်သူဆီ ရောက်သွားမယ်။ စိတ်ထဲကနေ နှစ်နှစ်ကာကာနဲ့ လေလံဆွဲတဲ့ အထဲ ပါဝင်ပေးစေချင် ပါတယ်။ ဆိုင်းအိန်အမြတ်တနိုးထားတဲ့ သရဖူကို သူတို့လည်း ပိုင်ဆိုင်ရမယ်။ သူတို့ လှူလိုက်တဲ့ အလှူလည်း တကယ်လိုအပ်တဲ့ စစ်ရှောင်ပြည်သူတွေ ရမယ့် အလှူဖြစ်တယ်။ အားလုံး ပီတိဖြစ်စေမယ့် အလှူ ဖြစ်တဲ့အတွက် ဘယ်လောက်တန်ကြေး/ တန်ဖိုး ဖြစ်တယ် ဆိုပြီး တန်ကြေးမဖြတ်ဘဲနဲ့ စိတ်ထဲကနေ လှူချင်တဲ့ စိတ်နဲ့ လေလံဆွဲတဲ့ အလှူထဲမှာ ပါဝင်ပေးပါလို့ ပြောချင်ပါတယ် “ဟု ၎င်းက ဆိုသည်။

ယခု လေလံတင်အစီအစဉ်တွင် ကြမ်းခင်းစျေး-သိန်းတစ်ရာကျပ် ဖြင့် အိတ်ဖွင့်လေလံတင်ထားပြီး ပါဝင်လိုသူများ အနေဖြင့် ဖုန်းနံပါတ် ဖုန်း-092021028, 09792021028 တို့ကို ဆက်သွယ် မေးမြန်းနိုင်ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here