Tiktok အပါအဝင် အင်တာနက်မှာတင်မယ့် Music Video တွေ ဆင်ဆာတင်ရမယ်လို့ စစ်ကောင်စီအမိန့်ထုတ်

292

ဖေဖော်ဝါရီ၊ ၂၃

ခွင့်ပြုချက်မရှိဘဲ(ဆင်ဆာမတင်ဘဲ) သီချင်းသရုပ်ဖော်ဗွီဒီယို (Music Video – MV ) တွေကို ထုတ်လွှင့်ပြသမယ်ဆိုရင် အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ကြေညာလိုက်ပါတယ်။

တေးသီချင်းများကို အရုပ်နှင့်အသံထွက်ပေါ်စေလျက် နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသခြင်းများ ဆောင်ရွက်ခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗွီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနှင့် ဗွီဒီယိုဆင်ဆာအဖွဲ့တို့သို့ တင်ပြပြီး စစ်ဆေးခွင့်ချက် ရယူဆောင်ရွက်သွားရမည် လို့ စစ်ကောင်စီက ဒီနေ့ထုတ် သူတို့ရဲ့ မြန်မာ့အလင်းသတင်းစာမှာ ကြေညာခဲ့တာပါ။

စစ်ကောင်စီဘက်ကတော့ အဲဒီလိုလုပ်ရတာဟာ အင်တာနက်ပေါ်မှာ ထုတ်လွှင့်နေတဲ့ MV တွေကို မိသားစုနဲ့အတူ ကြည့်လို့မရတာနဲ့ အရှက်တရားကင်းမဲ့နေတယ်ဆိုတဲ့ အချက်တွေကြောင့်လို့ ဆိုထားပါတယ်။

သူက နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသခြင်းများ ဆိုတဲ့ဟာမှာ အွန်လိုင်းပါ ပါတယ်ဆိုတဲ့ သဘောမျိုးဖြစ်သွားတာပေါ့။ အဲဒီတော့ခွေထုတ်မှရယ်လို့ မဟုတ်ဘူး။ တီဗွီမှာလွှင့်မှရယ်လို့ မဟုတ်တော့ဘူး အွန်လိုင်းမှာတင်မယ်ဆိုရင်လည်း ဆင်ဆာကိုမဖြစ်မနေ တင်မှရတော့မယ်ဆိုတဲ့ ကိစ္စတွေဖြစ်သွားတာပေါ့ လို့ ပြည်တွင်းက ဒါရိုက်တာတစ်ယောက်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အခုလို စစ်ကောင်စီဘက်က မတင်းကျပ်ခင်မှာ Facebook၊ Tiktok၊ Youtube စတဲ့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ MV တချို့ကို အမျိုးဘာသာချစ်မြတ်နိုးသူတွေဆိုတဲ့ စစ်တပ်ဝါဒဖြန့်သူတွေက မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေလည်း ရှိခဲ့တာပါ။

ကြည့်ရှုတဲ့ပရိသတ်နဲ့ ဖန်တီးတဲ့သူတွေရဲ့ကြားမှာ မသင့်တော်တာတို့ မကောင်းတာတို့ဆိုတဲ့ဟာကို ဘယ်သူကမှ လာပြီးသတ်မှတ်ပေးစရာ မလိုဘူးပေါ့။ ဖန်တီးထားတဲ့သူက ကိုယ်ဖန်တီးထားတဲ့ဟာနဲ့ ပတ်သက်ပြီး တာဝန်ယူရမယ်။ ကြည့်ရှုတဲ့သူတွေက လက်ခံတဲ့သူတွေရှိရင် ကြည့်လိမ့်မယ်။ လက်မခံတဲ့သူတွေ များတယ်ဆိုရင် တုန့်ပြန်မှုတွေပြန်လာမှာပေါ့။ လို့လည်း ဆင်ဆာစနစ်ကိုလက်မခံတဲ့ လူငယ်ဒါရိုက်တာတစ်ယောက်က ပြောပါတယ်။

အခုစစ်ကောင်စီရဲ့ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနဲ့ ဗွီဒီယိုဥပဒေတို့ကနေ ရည်ညွှန်းထားတဲ့ ပုဒ်မတွေအရတော့ ထုတ်ပြန်ချက်ကိုမလိုက်နာရင် ထောင်ဒဏ်နဲ့ ငွေဒဏ်အသီးသီးချမှတ်နိုင်တာကို တွေ့ရပါတယ်။

အရင်က ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်မှာတော့ အွန်လိုင်းမှာတင်တဲ့ MV တွေနဲ့ပတ်သက်ပြီး ဆင်ဆာမတင်ခဲ့ရဘူးလို့လည်း ရုပ်ရှင်အသိုင်းအဝိုင်းက သိရပါတယ်။

ဒါ့အပြင် အာဏာမသိမ်းခင် ကာလတွေတုန်းကလည်း ရုပ်ရှင်ဖန်တီးတဲ့ လူငယ်တွေအပါအဝင် ရုပ်ရှင်လောကသားတချို့က ဆင်ဆာစနစ်ဖျက်သိမ်းပြီး ရုပ်ရှင်တွေကို အဆင့်သတ်မှတ်ဖို့အတွက် ကြိုးပမ်းတောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စစ်တပ်ဟာ ရုပ်ရှင်ဖန်တီးသူတွေထဲက နာမည်ကျော်တချို့ကို မတရားစွပ်စွဲပြီး ဖမ်းဆီးခဲ့သလို ရုပ်ရှင်အဆင့်သတ်မှတ်မှု ကြိုးပမ်းချက်ဟာလည်း ရပ်တန့်သွားခဲ့ပါတယ်။

ပြည်ပနိုင်ငံတွေရဲ့ ရုပ်ရှင်လောကမှာတော့ ရုပ်ရှင်တွေကို အသက် ၁၃ နှစ်အောက် မကြည့်ရတဲ့ ရုပ်ရှင်၊ ၁၈ နှစ်အောက်မကြည့်ရတဲ့ ရုပ်ရှင်စတဲ့အဆင့်အမျိုးမျိုး သတ်မှတ်ပြီး ပြသလေ့ရှိပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here