ဘယ်တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့နဲ့မှ ပဋိပက္ခမဖြစ်လိုဘူးလို့ MNDAA ပြော

11
MNDAA နှင့် SSPP တို့ နှစ်ဖက်ကိုယ်စားလှယ်များ နှုတ်ဆက်နေစဉ်
MNDAA နှင့် SSPP တို့ နှစ်ဖက်ကိုယ်စားလှယ်များ နှုတ်ဆက်နေစဉ် / Photo : The Kokang

 

ဇွန်၊ ၁၉

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်တော် (MNDAA) က ဘယ်တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့မှ ပဋိပက္ခမဖြစ်လိုဘူးလို့ ပြောလိုက်ပါတယ်။

“MNDAA သည် အခြားမည်သည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းနှင့်မဆို ပဋိပက္ခ ဖြစ်ပွားလိုခြင်း မရှိပါ။ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လိုပါသည်။ လို့ MNDAA ရဲ့ ဒုတိယစစ်ဦးစီချုပ် Mr. Peng De Jun က ပြောလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ပြုလုပ်တဲ့ MNDAA နဲ့ SSPP တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဒုတိယစစ်ဦးစီးချုပ်က အဲဒီလိုပြောခဲ့တာဖြစ်တယ်လို့ MNDAA က မနေ့ကညပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။

MNDAA သည် အခြားမည်သည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ဖိနှိပ်ရန် မည်သည့်အခါမှ စိတ်ဆန္ဒမရှိခဲ့သလို၊ ယခုလည်း မရှိပါ။ အနာဂတ်တွင်လည်း လုံးဝ ရှိလာမည် မဟုတ်ပါ။ လို့ သူကပြောခဲ့တာတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ MNDAA တို့ ကြားထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် နှစ်ဖက်ခေါင်းဆောင်တွေ ဇွန်လ ၁၇ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

အဲဒီတွေ့ဆုံမှုမှာ လတ်တလောပေါ်ပေါက်လာတဲ့ အမြင်ကွဲလွဲမှုတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် အဆင့်မြင့်ဆက်သွယ်ညှိနှိုင်းရေး ယန္တရားဖွဲ့စည်းဖို့ သဘောတူညီခဲ့ပြီး နှစ်ဖက် အလုပ် အဖွဲ့တွေရဲ့ ဆက်သွယ်ရေး တာဝန်ရှိသူတွေကို သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ ( ၇၁၀ ) ရှေ့တန်းဒုတိယ ကွပ်ကဲရေးမှူး Mr. Bao Ni Guo ကလည်း တတိယကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဆွေးနွေးမှုရလဒ်တွေကို သက်သေခံခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့တုန်းကတော့ SSA နဲ့ MNDAA ကြား သီပေါမြို့နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို ဇွန်လ ၁ ရက်နေ့ကလည်း လားရှိုးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here