ဖောင်ကြီးကူးစက်ရောဂါကုဆေးရုံတွင် စေတနာ့ဝန်ထမ်းအနေဖြင့် သွားရောက်ကူညီနေသည့် မော်ဒယ်လ်နှင့်သရုပ်ဆောင် အယ်လ်ဘောက်နူး

1256

မြစ်ကြီးနား၊ အောက်တိုဘာ၆

မော်ဒယ်လ်နှင့် သရုပ်ဆောင် အယ်လ်ဘောက်နူးက ဖောင်ကြီးကူးစက်ရောဂါကု ဆေးရုံတွင် စေတနာ့ဝန်ထမ်း(Volunteer)တစ်ဦးအနေဖြင့် အောက်တိုဘာလ(၅)ရက်နေ့၌ သွားရောက် ထမ်းဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေချိန် လူငယ်တစ်ဦးအနေဖြင့် တစ်ထောင့်တစ်နေရာမှ ကူညီပါဝင်လိုသောကြောင့် မိသားစုနှင့် တိုင်ပင်ပြီး ယခုလို Volunteer အနေဖြင့် ပါဝင်ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အယ်လ်ဘောက်နူးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“မြန်မာနိုင်ငံခရစ်ယာန် အသင်း ကောင်စီကနေ Volunteerခေါ်တာ တွေ့တယ်။ တွေ့တော့ ကိုယ်တိုင်သွားရောက်ပါဝင်ချင်တဲ့ စိတ်လည်း ဖြစ်တယ်။ ပြီးတော့ ဒီအလုပ်ကို တစ်ထောင့်တစ်နေရာကနေ ဘာလုပ်ပေးနိုင်မလဲ တွေးပြီး Volunteer သွားလုပ်ပေးနိုင်ရင်တော့ ကောင်းတယ်ပေါ့”ဟု ၎င်းက ပြောသည်။

ရန်ကုန်သူနာပြု သင်တန်းကျောင်းတွင် သင်တန်းတက်ရောက်ဖူးသူတစ်ဦးလည်း ဖြစ်သည့် အတွက် မိမိသင်ယူထားသည့် ပညာရပ်ကို ပြန်လည် အသုံးချခွင့်ရပြီး လုပ်ဆောင်ရမည့် အလုပ်များကိုလည်း အကောင်းဆုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူမက ဆက်လက်ပြောသည်။

“သူနာပြုကျောင်းဆင်းဆိုတာကလည်း ဟိုလိုမျိုး ကျောင်းပြီးလို့ ကျောင်းဆင်းတာ မဟုတ်ဘူး။ ကျောင်းတက်နေရင်းကနေ ကျောင်းထွက်ပြီး အနုပညာ အလုပ်ကို လုပ်ခဲ့တယ်။ ဒီရောက်တဲ့အခါမှာ ဒီမှာရှိတဲ့ မာမီကြီးတွေက သမီးက အခြေခံအားလုံးလည်း တတ်သိထားတာ ဖြစ်တဲ့အတွက် သူနာပြုတွေ ကူညီပေးတဲ့ နေရာ၊လုပ်ရမယ့်အလုပ်ကို လုပ်ပေးပါလို့ ပြောလာတယ်”ဟု အယ်လ်ဘောက်နူးက ဆိုသည်။

ကိုယ်တိုင်ဆုံးဖြတ်ချက်ကို မိသားစုက သဘောတူခွင့်ပြုပေးပြီး လုပ်ဆောင်ခြင်း ဖြစ်သော်လည်း မိမိကျန်းမာရေး အတွက်လည်း မပေ့ါဆဘဲ ဂရုတစိုက် လုပ်ဆောင်သွားမည် ဖြစ်ပြီး ငယ်ရွယ်စဉ် အခွင့်အခါပေးချိန်၌ လိုအပ်နေသူများကို ကူညီပေးချင်ကြောင်း သူမက ပြောသည်။

မော်ဒယ်လ်နှင့် သရုပ်ဆောင် အယ်လ်ဘောက်နူးအနေဖြင့် ဖောင်ကြီးကူးစက်ရောဂါကုဆေးရုံတွင် တစ်လခွဲကြာ ပါဝင်ကူညီသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here