၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲကို ကျင်းပရန် ရက် (၈၀)ကျော်သာလိုပါတော့သည်။ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအသီးသီးကလည်း ကိုယ်စားလှယ်လောင်းများ ထုတ်ပြန်ခြင်း၊ ရွေးချယ်နေခြင်း တို့ကို ပြုလုပ်နေကြသည်။
မဲဆန္ဒရှင် ပြည်သူများကလည်း မဲပေးဖို့အတွက် ပါတီ(၉၀)ကျော်ထဲက ကိုယ်ပေးမည့် ကိုယ်စားလှယ်လောင်းတွေကိုလည်း မဲပေးရန် အဆင်သင့်ရှိနေသူများလည်း ရှိနေသလို၊ မည်သည့်ပါတီကို မဲပေးရမလဲ စဉ်းစားနေကြသည့်အချိန်။ အလားတူ မဲစာရင်း သွားရောက်မကြည့်ကြသေးသူများလည်း သန်းနှင့်ချီ ကျန်ရှိနေသေးသည်။
ဆန္ဒမဲပေးပိုင်ခွင့် မရှိသူတွေဖြစ်တဲ့ သာသနာ့ဝန်ထမ်း၊ ထောင်ဒဏ်ကျခံနေရသူ၊ စိတ် ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်းခံရသူ၊ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူတို့ ဖြစ်သည်။
ထို သတ်မှတ်ထားသူများမှလွဲ၍ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတစ်ရပ်လုံးက အနာဂတ်ကို ပုံဖော်ဖို့၊ စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံ ဖြစ်တည်လာရေးအတွက် သင့်မဲဖြင့် ကူညီရမည်။
မဲစာရင်းတွင် အမည်ပါမှသာ မဲပေးခွင့်ရရှိမည်ဖြစ်သည့်အတွက် အိမ်ထောင်စုတစ်ခုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက်သွားရောက် ကြည့်ရှုစစ်ဆေးသင့်သည်။ ပထမအကြိမ် မဲစာရင်း ကြေညာခဲ့ပြီးနောက် ဒုတိယအကြိမ် ထပ်မံ ကြေညာထားပြီးဖြစ်သည်။ မဲပေးခွင့်မဆုံးရှုံးစေရန် လိုအပ်ပါက ဖြည့်စွက်ခြင်း၊ မှားယွင်းနေပါက ပြင်ဆင်ခြင်း၊ ကွယ်လွန်သူများပါရှိနေပါက ပယ်ဖျက်ခြင်းများ ဆောင်ရွက်ကြရန် တိုက်တွန်းလိုသည်။
ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သည်၊ ဒီမိုကရေစီ ရှင်သန်စေရေး၏ ရေသောက်မြစ်၊ ဒီမိုကရေစီဖြစ်ထွန်းရေး၏ ပင်စည်ပင်မ ဖြစ်သည်။
အချို့ ပြည်သူများကလည်း မိမိနိုင်ငံအတွက် အပြောင်းအလဲ ဖြစ်လာမည့် ရွေးကောက်ပွဲကြီးတွင် မဲမပေးရေးအတွက် No Vote ဟု အော်နေသူများလည်း ရှိနေသည်။ မဲမပေးချင်သူများအနေဖြင့်လည်း မဲမပေးပိုင်ခွင့် ရှိသည်ဟုလည်း ပြဌာန်းသည်။ ဒီမိုကရေစီစနစ်မှာ နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့် ဖြစ်သည်။ အပြစ်တင်၊ ကဲ့ရဲ့နေစရာမလိုပေ။ သို့သော် နိုင်ငံရေးပါတီများအနေဖြင့် No Vote သမားများကို မဲပေးချင်သည့် စိတ်မျိုးဖြစ်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
၂၀၀၈ အခြေခံဥပဒေ ပေးထားချက်အရ မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ နှစ်ကြိမ် ကြားဖြတ်ရွေးကောက်ပွဲ သုံးကြိမ်ရှိခဲ့ပါပြီ၊ ၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နှင့် ၂၀၁၂၊ ၂၀၁၇၊၂၀၁၈ တို့က ကြားဖြတ်ရွေးကောက်ပွဲတို့ ဖြစ်သည့်လာမည့် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် (၃)ကြိမ်မြောက် ဖြစ်သည်။
မည်သို့ပင်ဆိုစေ လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် အရောင်အသွေးစုံလင်မည့် ရွေးကောက်ပွဲ ဖြစ်လာမည်။ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် မတူညီသည့် ရွေးကောက်ပွဲမျိုး ဖြစ်လာပေလိမ့်မည်။ ကျော်လွန်ခဲ့သည့် ရွေးကောက်ပွဲများကဲ့သို့ ကြံ့ခိုင်ရေးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၊ ဒီ ပါတီ (၂) ခုကြားသာ ရွေးချယ်တော့မည့် ရွေးကောက်ပွဲ မဟုတ်ဘဲ ပါတီစုံ၊ တိုင်းရင်းသား ပါတီစုံကို ပြည်သူအများစု ရွေးချယ်ဆုံးဖြတ်လာကြမည့် ရွေးကောက်ပွဲကြီး ဖြစ်လာပေလိမ့်မည်။





