ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာအတွင်း ကာမိုင်းဘက်မှ ခြေလျင်ဖြင့် လာသည့် စစ်ကောင်စီတပ်သားအင်အား(၁၀၀)ကျော်ဝန်းကျင် စခန်းချလာရောက်နေထိုင်ခဲ့ပြီးနောက် ယနေ့နံနက်(၄)နာရီဝန်းကျင်ခန့်က ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
ယင်း စစ်ကောင်စီတပ်သားများသည် လဝါးကျေးရွာသို့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ရောက်ရှိလာပြီး မူလတန်းကျောင်းတွင် စခန်းချနေထိုင်ပြီးနောက် (၄) ရက်အကြာတွင် ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“အကုန်ထွက်သွားပြီ။ ဒီမနက်(၄)နာရီလောက်မှာ။ ဒွမ်ဘုံး၊ နမ္မတီး လမ်းဘက်လို့တော့ ကြားတယ်။ ဘယ်ဘက်လည်းတော့ အတိအကျ တော့မသိဘူး”ဟု ၎င်းက ဆိုသည်။
ဖားကန့်မြို့နယ်ထဲရှိ ကပ်မှော်ဇွပ်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဖေဖော်ဝါရီလ(၅)ရက်နေ့က ဗုံးကြဲခဲ့သောကြောင့် ကျေးရွာနေ ပြည်သူနှစ်ဦး ဗုံးထိမှန်သေဆုံးခဲ့ပြီး (၄)ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။







