လသားအရွယ် ကလေးဖခင်တွေ စစ်မှုထမ်းခွင့်ရွှေ့ဆိုင်းနိုင်တယ်ဆိုပြီး လူထုကြားပျံ့နှံ့နေပေမဲ့ လက်တွေ့မှာ ခေါ်ယူမှုတွေရှိနေ

20

 

ဧပြီ၊၉

မွေးထားတဲ့ကလေးငယ်သေးရင် စစ်မှုထမ်းခွင့် ရွှေ့ဆိုင်းနိုင်တယ်ဆိုပြီး လူထုကြားပြောဆိုနေတဲ့အချက်ဟာ မမှန်ကန်တဲ့အပြင် လက်ရှိမှာတော့ ကလေးမွေးထားတဲ့ ဖခင်တွေကိုပါ စစ်ကောင်စီက ခေါ်ယူနေပါတယ်။

ကလေးငယ်သေးတဲ့အတွက် စစ်မှုထမ်းခွင့်ကို ရွှေ့ဆိုင်းပေးဖို့ စစ်တပ်တာဝန်ရှိသူတွေကို ပြောဆိုခဲ့ပေမဲ့ အဆင်မပြေဘူးလို့ စစ်မှုထမ်းခွင့် အသက်အရွယ်ထဲမှာ ပါဝင်နေသူတစ်ယောက်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

ကျွန်မတို့က ကလေးငယ်လည်းရှိသေးတော့ ကိုယ့်အမျိုးသားကို စစ်မှုထမ်းခွင့် ရွှေ့ဆိုင်းလို့ရမယ်ပဲ ထင်ထားတာပါ။ ညီမအမျိုးသားလို လူတွေလည်း အခုစစ်တပ်ကခေါ်ထားတဲ့ထဲမှာ ထပ်ရှိသေးတယ်။ သူ့ကလေးဆိုလည်း ညီမတို့ ကလေးထက်ပိုငယ်တယ်။ လို့ အမျိုးသားဖြစ်သူကို စစ်မှုထမ်းဖို့လွှတ်လိုက်ရတဲ့ လသားအရွယ်ကလေးမိခင်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေမှာတော့ အိမ်ထောင်ရှိတဲ့အမျိုးသမီး ဒါမှမဟုတ် အိမ်ထောင်ကွဲနေတဲ့ ကလေးရှိတဲ့အမျိုးသမီးတွေကိုပဲ ကင်းလွတ်ခွင့်ပြုထားတာပါ။

ဒါ့အပြင် လျှော့ပေါ့ခွင့်နဲ့ ရွှေ့ဆိုင်းခွင့်ဆိုတဲ့ အချက်တွေမှာလည်း ကလေးငယ်ရှိတဲ့ လူငယ်အမျိုးသားတွေ မပါဝင်ပါဘူး။

ဒါပေမဲ့ လူထုကြားမှာတော့ ကလေးငယ်သေးရင် အမျိုးသားဖြစ်သူဟာ စစ်မှုထမ်းဆောင်ခွင့်ကို ရွှေ့ဆိုင်းခွင့်ရတယ်ဆိုပြီး ထင်မှတ်နေကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အခုအချိန်ထိလည်း စစ်မှုထမ်း နည်းဥပဒေကို မထုတ်ပြန်သေးတာကြောင့် အဲဒီလို ကလေးငယ်တွေရဲ့ မိဘတွေ တာဝန်ထမ်းဆောင်မှု ရွှေ့ဆိုင်းခွင့်ရမရဆိုတာလည်း မရေမရာဖြစ်နေချိန် ကလေးငယ်တွေရဲ့ မိဘတွေကတော့ အဓမ္မတပ်သားသစ်အဖြစ် စုဆောင်းခံနေရတာပါ။

နိုင်ငံရေးလေ့လာသူ တစ်ယောက်ဖြစ်တဲ့ ဦးသန်းစိုးနိုင်ကတော့ ပြည်ပနိုင်ငံတွေမှာတော့ စစ်မှုထမ်းဥပဒေကို ပြဌာန်းတဲ့အခါ တခြားနိုင်ငံကကျူးကျော်မယ့်အန္တရာယ်ကနေ ကာကွယ်နိုင်အောင် ဖြစ်ပေမဲ့ အခုစစ်ကောင်စီကတော့ သူတို့လုပ်ချင်တာလုပ်နေတာလို့ ပြောပါတယ်။

ကိုယ့်ပြည်သူချင်းတိုက်တဲ့စစ်ပွဲမှာ အသုံးချဖို့အတွက် စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းတယ်ဆိုတာက ဘယ်နိုင်ငံတကာစံနှုန်းနဲ့မှ မကိုက်ညီပါဘူး။ မကိုက်ညီပေမဲ့ သူတို့လုပ်ချင်ရင်တော့ လုပ်နေတာပါပဲ။ အဲဒီတော့ သူ့တပ်ကလည်း စစ်ရှုံးပြီးတော့ အင်အားအကြီးအကျယ် ဆုတ်ယုတ်လျော့ပါးနေတဲ့အချိန်မှာ မဖြစ်မနေ အဲဒီလုပ်ဆောင်လာတာလို့ မြင်ပါတယ်။ လို့လည်း ဦးသန်းစိုးနိုင်က ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က မြန်မာ့အရေးလေ့လာနေသူတစ်ယောက်ဖြစ်တဲ့ ဦးရဲမျိုးဟိန်းကလည်း နိုင်ငံတကာမှာတော့ ဥပဒေတစ်ခုပြဌာန်းရင် လွှတ်တော်ထဲမှာ အကြိမ်ကြိမ်ဆွေးနွေးတာ၊ ပြည်သူ့သဘောထားကောက်ခံတာတွေကို လုပ်ဆောင်လေ့ရှိတယ်လို့ ပြောပါတယ်။

သူတို့(စစ်တပ်)ရဲ့ လုပ်ပုံ၊ ကိုင်ပုံက နိုင်ငံတကာနဲ့တော့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါပဲလို့လည်း ဦးရဲမျိုးဟိန်းက စစ်ကောင်စီရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ နိုင်ငံတကာမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းလေ့ရှိသလို အခုသုံးနေတဲ့ ဥပဒေဟာလည်း စစ်မှုမထမ်းမနေမနေရနဲ့ ဆန္ဒပြုစနစ်ကို ရောစပ်ထားတဲ့ စနစ်တစ်ခုဆိုပြီးတော့လည်း ဝါဒဖြန့်နေပါတယ်။

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here