မြစ်ကြီးနား- ဖားကန့်လမ်းပေါ်က နန့်ယားကျေးရွာမှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေ

18

 

ဧပြီ၊၉

မြစ်ကြီးနား- ဖားကန့်လမ်းပေါ်က နန့်ယားကျေးရွာမှာ ဒီကနေ့မနက် ၆ နာရီခွဲ အချိန်လောက်ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် နန့်ယားရွာကျေးရွာက ဒေသခံတွေကို အမြန်ဆုံးရှောင်ဖို့ KIA က ပြောဆိုထားကြောင်း နန့်ယားကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရွာမှာလေ KIA KPDF AAတပ်တွေလည်း အပြည့်ပဲတဲ့။ ဒေသခံတွေကို ထွက်သွားခိုင်းနေတယ်။ လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

နန့်ယားစစ်ကောင်စီတပ်ကနေလည်း လက်နက်ကြီးတွေ ပစ်ခတ်နေပြီး ဘုန်းကြီးကျောင်းရှေ့မှာ လက်နက်ကြီးတွေ ကျတယ်လို့လည်း သိရပါတယ်။

နန့်ယားကျေးရွာအနီး ကပ်မှော်ဇွပ်ကျေးရွာက ဒေသခံအချို့လည်း တိုက်ပွဲဖြစ်မယ်လို့ ကြားထားတာကြောင့် မနေ့ညကတည်းက ရှောင်ဖို့လုပ်ထားခဲ့တာဖြစ်တယ်လို့ စစ်ရှောင်နေတဲ့ ကပ်မှော်ဇွပ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီမနက် အိမ်သားတချို့တွေ ရှိနေသေးလို့ အိမ်ကလူတွေကို ဆက်သွယ်နေတာ။ မနေ့ညကတည်းကနေ ဖြစ်လာမယ်ဆိုတာ သေချာနေတာ။လို့အထက်ပါအမျိုးသမီးက ပြောပါတယ်။

ကပ်မှော်ဇွပ်ကျေးရွာ ဒေသခံတွေဟာ ဇန်နဝါရီလကစပြီး တစ်ရွာလုံးနီးပါး တောထဲမှာ တိမ်းရှောင်နေကြရတာဖြစ်ပြီးတော့ ရွာအတွင်း အိမ်၊ခြံစောင့်တဲ့ သူတွေပဲ ရှိကြတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ KIAပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲကြောင့် ကားမိုင်မြို့ကစပြီး ဖားကန့်အဝင်အထွက်လမ်းတွေ ပိတ်ထားတယ်လို့ သိရပါတယ်

တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် နန့်ယားကျေးရွာ၊ကပ်မှော်ဇွပ်နဲ့ ဆိုင်းဖရာကျေးရွာက ဒေသခံတွေဟာ အရင်ရက်တွေကတည်းက ကြိုတင် တိမ်းရှောင်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က မအူပင်ရေကာတာကျေးရွာက ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၈ လုံးထက်မနည်းကို စစ်ကောင်စီတပ်ကနေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က မြစ်ကြီးနား-ဖားကန့် လမ်း၊ နန့်တိန့်ကျေးရွာက စစ်ကောင်စီစခန်းကို KIA၊KPDFတပ်တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

KIO ဥက္ကဌရဲ့ ၂၀၂၄ ခုနှစ် နှစ်သစ်မိန့်ခွန်းမှာ ဒီနှစ်ဟာ အပြောင်းအလဲနှစ်ဖြစ်လာမယ်ဆိုပြီး ပြောဆိုပြီးနောက်ပိုင်း ကချင်နဲ့ ရှမ်းမြောက်ဒေသက နေရာအနှံမှာတိုက်ပွဲတွေ ပြင်းထန်နေခဲ့တာပါ။

အဲဒီနောက် မတ်လ ၇ ရက်နေ့မှာတော့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်တစ်ကို KIA က တစ်ပြိင်နက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီကနေ့အထိ စစ်ကောင်စီရဲ့ စခန်းပေါင်း ၆၀ လောက်ကို KIA က သိမ်းပိုက်ထားပြီးပါပြီ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here